မိုးကြိုးပစ်ခံရတဲ့အခါ သင့်ခန္ဓာကိုယ်မှာဖြစ်ပေါ်လာမယ့် အချက်(၁၀) ချက်
မိုးကြိုးမှာ စွမ်းအင် (၃၀၀) ကီလိုဗော့လ်တ်နဲ့အထက် ပါရှိပြီး ပတ်ဝန်းကျင်ကို (၅၀,၀၀၀) ဒီဂရီဖာရင်ဟိုက်အထိ အပူပြန့်စေနိုင်ပါတယ်။ အပူချိန်(၅) သောင်းဒီဂရီဖာရင်ဟိုက်ဆိုတာ နေမျက်နှာပြင်ထက် (၅)ဆလောက် ပိုပူပြင်းပါတယ်။ အကယ်၍များ ဒီလောက်အပူချိန်ပြင်းလွန်းတဲ့ မိုးကြိုးသာ လူ့ခန္ဓာကိုယ်ကို ထိခတ်လိုက်တဲ့အခါ ဘယ်လိုဖြစ်မလဲလို့ စဉ်းစားစရာပါပဲ။ အောက်ဘက်မှာတော့ မိုးကြိုးပစ်ခံရတဲ့အခါ ခန္ဓာကိုယ်မှာ ကြုံတွေ့လာရမယ့် အချက်(၁၀) ချက်ကို washingtonpost ရဲ့ ရေးသားချက်ကို ကိုးကားပြီး ဖော်ပြပေးလိုက်ပါတယ်။
၁) မိုးကြိုးဟာ ခန္ဓာကိုယ်ထဲကို ၀င်ပြီးပြန်ထွက်သွားတဲ့အခါ ကိုယ်ပေါ်မှာ ဒဏ်ရာနက်နက် ကျန်ခဲ့ပါတယ်။ တစ်ခါတစ်လေ ၄င်းဒဏ်ရာတွေဟာ ပြင်းပြင်းထန်ထန် မီးကျွမ်းနေတဲ့ဒဏ်ရာတွေလည်း ဖြစ်နိုင်ပါတယ်။
၂) မိုးကြိုးနဲ့အတူပါလာတဲ့ အပူနဲ့ ပြင်းထန်လွန်းတဲ့လေဖိအားကြောင့် အ၀တ်အစားတွေဟာ မီးစွဲပြီး အစအန အပိုင်းပိုင်းအပြတ်ပြတ်တွေအဖြစ်နဲ့ ကျန်ရစ်စေပါတယ်။
၃) မိုးကြိုးရဲ့ ပြင်းအားဟာ လူ့ခြေထောက်ကနေ ထွက်သွားတဲ့အခါ စီးထားတဲ့ဖိနပ်ကိုပါ အလွယ်တကူကျွတ်စေနိုင်ပါတယ်။
၎) မိုးကြိုးရဲ့ လျှပ်စစ်စီးအားဟာ နှလုံးကို ချက်ခြင်းရပ်စေနိုင်ပါတယ်။
၅) အကယ်၍ လျှပ်စစ်စီးကြောင်းတွေဟာ ဦးခေါင်းခွံထဲဝင်ခဲ့ရင်တော့ ဦးနှောက်ပျက်စီးပြီး ကိုမာဖြစ်နိုင်ပါတယ်။ လျှပ်စစ်စီးကြောင်းတွေနဲ့ အတူ တွဲပါလာတဲ့ အပူဟာ ဦးနှောက်ဆဲလ်တွေကို ကျက်သွားစေတာကြောင့်ပါ။
၆) မိုးကြိုးကြောင့် နာ့ဗ်ကြောတွေ ပျက်စီးသွားခဲ့ရင် တစ်သက်လုံး အကြောသေသွားတာ၊ ခြေလက်တွေ ထုံကျင်တာတွေ ဖြစ်ပွားနိုင်ပါတယ်။
၇) နားစည်ကွဲသွားနိုင်ပါတယ်။
၈) ကိုယ်မှာ သတ္တုကြိုး၊ ကျောက်မျက်ရတနာနဲ့ စတဲ့အလှဆင်ပစ္စည်းတွေကို ၀တ်ဆင်ထားတဲ့အခါ မိုးကြိုးရဲ့ အပူဓာတ်ကြောင့် ၄င်းတို့ဟာလည်း လောင်ကျွမ်းပြီး လူ့အရေပြားကို မီးဟပ်လောင်မြိုက်စေပါတယ်။
၉) အချို့ မိုးကြိုးပစ်ခံရသူတွေကတော့ အသက်မသေရင်တောင် ကြွက်သားတွေ မငြိမ်တော့ပဲ အကြောဆွဲတာ၊ ပါကင်ဆန်လို ဦးနှောက်ဝေဒနာမျိုးတွေ ဖြစ်ပွားနိုင်ပါတယ်။
၁၀) အဆိုးဝါးဆုံးကတော့ မိုးကြိုးကြောင့် လူသေတဲ့ထိအောင် ဖြစ်ပွားနိုင်ပါတယ်။ မိုးကြိုးပစ်ခံရတဲ့သူအများစုဟာ အသက်ရှင်ကြပေမယ့် အတော်များများကတော့ အထက်ဖော်ပြပါ လက္ခဏာတွေကို ခံစားကြရလေ့ရှိပါတယ်။
ဒါကြောင့် မိုးကြိုးဒဏ်က ကင်းဝေးရလေအောင် လျှပ်စီးလက်တာ၊ မိုးကြိုးပစ်သံကြားတာနဲ့ ကား သို့မဟုတ် အမိုးပါတဲ့ ယာဉ်တစ်စီးစီးထဲမှာပဲဖြစ်ဖြစ်၊ နီးစပ်ရာ အဆောက်အဦးတစ်ခုခုထဲမှာပဲဖြစ်ဖြစ် (၃၀-၄၅) မိနစ်ခန့် ၀င်ခိုနားနေသင့်ပြီး မိုးကြိုးစဲတော့မှ အပြင်ပြန်ထွက်ဖို့ သတိပေးလိုက်ရပါတယ်။Credit -original