Latest Posts

လူပျို ဘုရား ရှိပါသလား?



လူပျို ဘုရား ရှိပါသလား?

ဘုရှားရှင်ကိုယ်တော်မြတ်ကြီး၏ ကျေးဇူးတော် ဂုဏ်တော် ပါရမီတော်တို့ ကို ဦးထိပ်ထားပြီးပူဇော်ပါတယ် အရှင် ဘုရား။ လောကမှာ သမ္မာသမ္ဗုဒ္ဓဘုရားရှင်တွေ မရေမတွက်နိုင်အောင် အသေင်္ချေအနန္တပွင့်တော်မူခဲ့ကြပြီးပါပြီ။ နောင်လည်း မရေ မတွက် နိုင်အောင် အသင်္ချေအနန္တပွင့်တော်မူကြဦးမှာပါ။ပွင့်ပြီး ပွင့်ဆဲ ပွင့်လတ္တံ့ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တွေထဲမှာ လူပျို ဘုရား တစ်ဆူမှ မပါပါဘူး။ ဘုရားအားလုံးအိမ်ထောင်ရှင်ဘုရားတွေချည်းပဲ။

လူပျိုဘုရား ဘာကြောင့်မရှိသလဲဆိုတာ ကျမ်းဂန်မှာတိုက်ရိုက်ပြမထားပေမယ့် ကျမ်းဂန်လာဒေသနာ အမျိုးမျိုးနဲ့ ချိန်ထိုး ဆက်စပ်ကြည့်မယ်ဆိုရင်တော့ ကျေနပ်လောက်တဲ့အဖြေ ထွက်လာနိုင်ပါတယ်။

မွေးဖွးရာဇာတိက သက္ကတိုင်း ကပိလ၀တ်မြို့ ခမည်းတော်ကသုဒ္ဓေါဒနမင်းကြီး မယ်တော်က မာယာဒေ၀ီ လူ့ဘ၀အမည် က သိဒ္ဓတ္တ ကြင်ရာတော်က ယသော်ဓရာ သားတော်က ရာဟုလာ နန်းစံသက်က (၁၃)နှစ် တော်ထွက်ချိန်က အသက် (၂၉) နှစ်စသည်အားဖြင့်လူသားတစ်ဦးမှာ ရှိသင့်ရှိထိုက်တဲ့ ကိုယ်ရေးရာဇ၀င် အချက်အလက်တွေ ကိုဖော်ပြလိုက်ခြင်းက ဗုဒ္ဓဆိုတာ နတ်ဒေ၀ါ မဟုတ်ဘူး သိကြားဗြဟ္မာမဟုတ်ဘူး အနန္တတန်ခိုးရှင်လည်းမဟုတ်ဘူး။ လူသားအစစ် လူသားဆိုမှ တကယ့်လူသားအစစ် ဆိုတာကို အထင်အရှား သက်သေပြပြီးသား ဖြစ်သွားပါတယ်။ “လူသားစစ်စစ်ဖြစ်ကြောင်း ပြသ နိုင်ခြင်း” ဆိုတဲ့အချက်က လူပျိုဘုရားမရှိခြင်းရဲ့ ပထမအကြောင်း တစ်ချက်ဖြစ်ပါတယ်။


ဒီလိုမှ မဟုတ်ရင် ဗုဒ္ဓက နတ်ဒေ၀ါပဲ တန်ခိုးကြီးမှာပေါ့ ဗုဒ္ဓကနတ်ဗြဟ္မာပဲ ဟောနိုင်မှာပေါ့ ဟောအား၇ှိမှာပေါ့ဆိုပြီး မြတ်ဗုဒ္ဓ ရဲ့ တရားစကားတော်တွေကို မလေးမစားနဲ့ ယုံကြည်မှု ကင်းမဲ့သွားနိုင်ပါတယ်။ အဲ့ဒိလိုဆိုရင် ဗုဒ္ဓပွင့်ထွန်း ပေါ်ပေါက်လာ ခြင်းရဲ့အကျိုးတရားကို လူတွေခံစားခွင့်ရမှာ မဟုတ်ဘူး။ ဗုဒ္ဓပွင့်ပေါ်ပေါက်လာတာဟာ လူသားတွေအတွက် ဘာမှ အဓိပ္ပာယ် မရှိသလို ဖြစ်သွားမယ်။

ဘုရားဖြစ်လိုသူတိုင်း ဖြည့်ကျင့်ရမယ့် ပါရမီ(၁၀)ပါး ထဲမှာ နေက္ခမ္မပါရမီဆိုတာ တစ်ခုအပါအ၀င်ဖြစ်တယ်။ ကာမဂုဏ် အာရုံတွေကနေ ရုန်းထွက် အနှောင်အဖွဲ့တွေကို စွန့်ခွာပြီး တောထွက်ခြင်းပါပဲ။ ပါရမီဆယ်ပါး အပြားသုံးဆယ် ဆိုတဲ့ အတိုင်း ပါရမီတစ်ခု တစ်ခုမှာ မူလပါရမီ ဥပပါမီ ပရမတ္ထပါရမီ လို့သုံးမျိုးစီကွဲပါတယ်။ မြန်မာလိုပြောရင်တော့ ရိုးရိုးပါရမီ၊ ဥပပါရမီ ဆိုတာ အင်္ဂါစွန့်တာ ၊ ပရမတ္ထပါရမီဆိုတာက အသက်စွန့်ပါရမီပါ။

နေက္ခမ္မပါရမီ ဖြည့်ကျင့်တဲ့ နေရာမှာလည်း ရိုးရိုးနေက္ခမ္မပါရမီ အင်္ဂါစွန့်နေက္ခမ္မပါရမီ အသက်စွန့် နေက္ခမ္မပါရမီ လို့သုံးမျိုး ရှိပါတယ်။ တွယ်တာ တပ်မက်စရာ ကာမဂုဏ် အနှောင်အဖွဲ့ အထူးအထွေမရှိဘဲ စွန့်လွှတ်တောထွက်တာကို ရိုးရိုး နေက္ခမ္မပါရမီ လို့ခေါ်တယ် လွယ်လွယ်နဲ့ စွန့်လွှတ်နိုင်လို့ပါ။

ကိုယ်ခန္ဓာရဲ့ အင်္ဂါအစိတ်အပိုင်း တွေနဲ့ အလားသဏ္ဌာန်တူတဲ့မိဘဆွေမျိုး ညီအစ်ကို မောင်နှမ အိုးအိမ်တိုက်တာ ရတနာ ရွှေငွေတိုင်းပြည်ထီးနန်း စတဲ့ပိုငဆိုင်မှုအရပ်ရပ်ကို မစွဲမတွယ် မငြိမကပ်ဘဲ စွန့်လွတ် တောထွက်တာကိုတော့ “အင်္ဂါစွန့်နေက္ခမ္မပါရမီ” လို့ခေါ်တယ်။ခက်ခက်ခဲခဲစွန့်လွှတ်ရတယ်။

ကိုယ့်အသက်နဲ့ ဥပမာတူတဲ့ ကိုယ့်အသက်နဲ့ထပ်တူထပ်မျှ မြတ်နိုးစုံမက် နှစ်သက်ချစ်ခင်ရတဲ့ ဇနီးမယား သမီးသားကို
သံယောဇဉ် ရိုက်ဖြတ်ချိုးပြီး ငဲ့ကွက်ကင်းစွာ စွန့်လွှတ်တောထွက်တာကို အသက်စွန့်နေက္ခမ္မပါရမီ လို့ခေါ်တယ်။
အသက်စွန့်ရသလို ခက်ခက်ခဲခဲကြီးစွန့်လွှတ်ရလို့ပါ။ ပရမတ္ထနေက္ခမ္မပါရမီ ဖြည့်ကျင့်ကြောင်း ပြသနိုင်ခြင်းဆိုတဲ့ အချက်က လူပျိုဘုရား မရှိရခြင်းရဲ့ ဒုတိယ အကြောင်းတစ်ခုဖြစ်ပါတယ်။

ကာမဂုဏ်ချမ်းသာကို ငြိကပ်စွာခံစားတဲ့လမ်းကို မြတ်စွာဘုရားက ယုတ်ညံ့တယ် သာမန်လူတွေအကျင့် ကိလေသာ ထူပြောသူတွေရဲ့အလုပ် သန့်စင်မြင့်မြတ်ခြင်း မထိုက်တန်တဲ့ စစ်မှန်တဲ့ အကျိုးစီးပွားကို မဖြစ်ထွန်းနိုင်လို့ ကဲ့ရဲ့ ရှုတ်ချ ထားပါတယ်။ တကယ်လို့ ဘုရားရှင်က လူပျိုဆိုရင် သူမခံစာဖူးတိုင်း ကာမဂုဏ်ချမ်းသာကို အပြစ်လျောက်ပြော နေတာ။ ကာမဂုဏ် ချမ်းသာရဲ့ အပြစ်ကို သူဘယ်လောက်သိလဲ ဓာတ်ခံညံ့တဲ့သူတွေ အပြစ်ထောက်ပြစရာ ဖြစ်နေပါလိမ့်မယ်။

ကြီးကျယ်တဲ့ ကာမဂုဏ်စည်းစိမ်တွေကို စွန့်လွှတ်လာခဲ့သူက ကာမဂုဏ်စည်းစိမ် စွန့်လွှတ်သင့်ကြောင်းဟောတာဟာ သဘောတရားနဲ့ လက်တွေ့တစ်ထပ်တည်းကျတဲ့အတွက် နာကြားရသူအဖို့ လက်ခံကျေနပ်တဲ့အပြင် လိုက်နာကျင့်သုံးဖို့ လည်း မခက်ဘူး။ “ကာမဂုဏ်ခံစားတဲ့ လမ်းဟာ နိဗ္ဗာန်မရောက်စေနိုင်တဲ့ အစွန်းဖြစ်ကြောင်း လက်တွေ့ပြသနိုင်ခြင်း ဆိုတဲ့ “အချက်က လူပျိုဘုရား မရှိရခြင်းရဲ့ တတိယ အကြောင်းတစ်ခုဖြစ်ပါတယ်။

ကာမဂုဏ်ချမ်းသာဟာ ကမ္မသစ္စာရှု့ထောင့်က ကြည့်ရင်တော့ ကုသိုလ်ဘုန်းကံရှိမှ ခံစားရတာပါ။ မြတ်စွာဘုရားဟာ
သတ္တ၀ါ အားလုံးပြုထားတဲ့ ကုသိုလ်ကောင်းမှုအားလုံးထက်တောင် အဆပေါင်းများစွာ သာလွန်တဲ့ ကုသိုလ်ကောင်းမှုတွေ ပြုထားတာမို့ ကာမဂုဏ်ချမ်းသာကို အဆင့်အတန်းအမြင့်ဆုံး အထက်တန်းအကျဆုံး ခံစားလိုက်ခြင်းအားဖြင့် လူသား တစ်ဦးရဲ့ လူရည်လူသွေး ပြည့်စုံခြင်း လူ့ဂုဏ်ပုဒ် ပြည့်ဝခြင်းကို သက်သေထူပြီးသားဖြစ်သွားတယ်။

“ကုသိုလ်ဘုန်းကံ ဟာကွက်မရှိအောင် ပြည့်စုံကြောင်း ပြသနိုင်ခြင်း ” ဆိုတဲ့ အချက်က လူပျိုဘုရားရှိရခြင်းရဲ့ စတုတ္ထ အကြောင်း တစ်ခုဖြစ်ပါတယ်။ ဒီလေးချက်လောက်ဆိုရင် ကျေနပ်မယ်လို့ ထင်ပါတယ်။ ဒီထက်မကလည်း ထုတ်ပြနိုင်ပါ သေးတယ်။

(အရှင်ဆန္ဒာဓိက ရွှေပါရမီတောရ) (လူပျိုဘုရား လုံးဝမရှိ တရားမှ ကောက်နှုတ်ချက်) (လေးစားမှုဖြင့် ခရက်ဒစ်)
Credit  \\  original