အချိုမှုန့်ရဲ့ ကောင်းကျိုးနှင့် အချိုမှုန့်နဲ့ ပတ်သက်လာရင် လူတွေ စိုးရိမ်မကင်းဖြစ်မှု
အချိုမှုန့်ကို Monosodium glutamate လို့ခေါ်ပြီး အတိုကောက်အနေနဲ့ MSG လို့ ခေါ်ဝေါ်ကြပါတယ်။ တကယ်တော့ အချိုမှုန့်ကို ကျမတို့ နေ့စဉ်စားသုံးနေကြတယ်ဆိုတာ သိကြပါသလား။ အချိုမှုန့်ဆိုတာ glutamic acid ပါဝင်တဲ့ ဆိုဒီယမ် ဆားဓာတ်သာဖြစ်ပြီး ကျမတို့ရဲ့ ကိုယ်ခန္စာနဲ့ မိခင်နို့တွေမှာ သဘာဝအလိုက် ပါဝင်တဲ့ဓာတ်ဖြစ်ပါတယ်။ ဒါ့အပြင် ခရမ်းချဉ်သီး၊ မှို၊ အသားတွေနဲ့ Vegemite လို အစားအသောက်တွေထဲမှာလည်း ပါဝင်တဲ့အရာ ဖြစ်ပါတယ်။
အဲဒီအချိုမှုန့်ကြောင့် အစားအသောက်တွေရဲ့ အရသာက ပိုမိုကောင်းမွန်လာရတာ ဖြစ်ပါတယ်။ အချို့မှုန့် အရသာကို အရသာခံတဲ့ ပညာရှင်တွေက umami အရသာလို့ ဖွင့်ဆိုကြပါတယ်။ အရသာမှာ ချိုတယ်၊ ချဉ်တယ်၊ ခါးတယ်၊ ငံတယ်စသည်ဖြင့် အဓိပ္ပပာယ်ဖွင့်ကြပေမယ့် အချိုမှုန်နဲ့ ပတ်သက်လာရင် တစ်မျိုးတည်း အဓိပ္ပာယ်ဖွင့်ဖို့ ခက်တဲ့အတွက် umami လို့ ခေါ်ကြပြီး အူမာမီရဲ့ အရသာကတော့ ချိုတယ်၊ အရသာလေးတယ်၊ အသားအရသာ အနည်းငယ်ပါတဲ့အရသာရှိတယ်လို့ ဖွင့်ဆိုကြပါတယ်။
အချိုမှုန့်ဟာ အစားအစာတွေထဲမှာ သဘာဝအတိုင်း ဖြစ်ပေါ်လာတယ်လို့ ဆိုပေမယ့် ဂျပန်သိပ္ပံပညာရှင် Kikunae Ikeda ဆိုသူက ၁၉ ၀၈ ခုနှစ်မှာ အရသာတစ်ခုအနေနဲ့ ပထမဆုံးအကြိမ် ခွဲခြားသတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ အဲဒီသိပ္ပပညာရှင်ဟာ seaweed ဆိုတဲ့ ရေညှိရေမှော်ပင်ကို ပြုတ်လိုက်ရာကနေ ကျန်ရစ်တဲ့ အဖြူရောင် အခဲတွေဟာ အရသာရှိတဲ့အရာတွေလို့ သိလိုက်ပြီး အဲဒီအရသာကို သူက အူမာမီအရသာလို့ နာမည်ပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီနောက် အာဂျီနိုမိုတိုလို ဟင်းချိုမှုန့်အထုတ်တွေ ထုတ်လုပ်ရောင်းချကြရာက အာရှတခွင်သာမက အမေရိကန်၊ သြစတြေးလျနဲ့ တခြားနိုင်ငံတကာအထိ ပြန့်နှံ့သွားခဲ့ပါတယ်။
အချိုမှုန့်ကို ရေညှိရေမှော်ပင်ကို ချက်ပြုတ်ရာက ကျန်ရစ်တဲ့ အဖြူရောင်အစိုင်အခဲတွေဆီက ရနိုင်သလို တခြားအရာကနေလည်း ရရှိနိုင်ပါတယ်။ တကာ တင်လဲတွေကို အချဉ်ဖောက်ရာကနေ အချိုမှုန့်ရရှိနိုင်သလို ပီလောပီနံ၊ ကြံရိုးနဲ့ မုန်လာဥချိုလို အရာတွေကနေလည်း အချိုမှုန့်ကို ထုတ်ယူနိုင်ပါတယ်။ အဲဒါတွေကို ဓာတ်ပြုလိုက်တဲ့အခါ ဆားနဲ့ဆင်တူတဲ့ အဖြူရောင် အမှုန်လေးတွေရပြီး အချိုမှုန့်လို့ မြန်မာလို ခေါ်ကြတာ ဖြစ်ပါတယ်။
အချိုမှုန့်ကို ဟင်းတွေချက်တဲ့အခါမှာ အရသာ ပိုကောင်းမွန်အောင်၊ ဆွတ်ပြုတ်တွေ ပိုချိုအောင်၊ အကြော်တွေ၊ ခေါက်ဆွဲတွေ ပိုအရသာရှိအောင်၊ ပဲငံပုရာရည် ပိုအရသာကောင်းအောင် အချိုမှုန့်တွေကို ထည့်လေ့ရှိပါတယ်။ အချိုမှုန့်ကို သဘာဝကနေ ထွက်တဲ့ အစားအစာတွေကနေ ရသလား၊ ဓာတ်ပြုရာကနေ ထွက်လာသလားဆိုတာကို ကိုယ်ခနာ`တက မသိပဲ နှစ်မျိုးစလုံးကို ချေဖျက်လေ့ရှိတယ်လို့ Dietitians Association of Australia အဖွဲ့ရဲ့ ပြောခွင့်ရသူ Anika Rouf က ရှင်းပြခဲ့ပါတယ်။
MSG လို့ခေါ်တဲ့ အချိုမှုန့်ကို နိုင်ငံတကာမှာရှိတဲ့ အစားအသောက် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ အများအပြားက သာမာန်လူတွေ သုံးစွဲရင် အန္တာရာယ်မရှိတဲ့ အရာလို့ သတ်မှတ်ပေးထားပါတယ်။ သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံက အစားအသောက် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ Food Standards Australia New Zealand ကိုယ်တိုင်ကလည်း အချိုမှုန့်ဟာ သာမာန်လူတွေအတွက် ဘေးကင်းတယ်လို့ သတ်မှတ်ပေးထားပါတယ်။ အဲဒီအဖွဲ့ရဲ့ တရားဝင် ထုတ်ပြန်ချက်ထဲမှာကိုက အချိုမှုန့်ဟာ အထွေထွေလူဦးရေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်စရာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။
သုတေသနတွေ၊ အစားအသောက် အာဏာပိုင်တွေကနေ အချိုမှုန့်ကို သာမာန်လူတွေစားရင် ဘာမှ မဖြစ်ဘူးလို့ ပြောနေပေမယ့် အခုအချိန်အထိ စားသောက်ဆိုင်တွေမှာဆိုရင် အချိုမှုန် လုံးဝမသုံးဘူး ဆိုတဲ့ စာတမ်းကို လူမြင်သာအောင် ဖော်ပြကြသလို၊ တချို့ အစားအစာထုတ်တွေမှာလည်း No MSG အချိုမှုန့်မပါဘူး ဆိုပြီး ရေးထားလေ့ရှိပါတယ်။ လူအများအပြားကလည်း အချိုမှုန့်ကို မစားတော့ပဲ ကြက်သားမှုန့်၊ ဟင်းအရသာမှုန့်နဲ့ ပုဇွန်မှုန့်လို တခြားအရာတွေနဲ့ အစားထိုး အသုံးပြုလာကြပါတယ်။
အချိုမှုန့်အပေါ် အဆိုးမြင်တဲ့အရာက ဘယ်ကနေ စတင်သလဲ ဆိုတာကို လေ့လာကြည့်ရအောင်။ အချိုမှုန့်ကို ၁၉ ၀၈ ခုနှစ်တုန်းက ဂျပန်မှာ စတင်ဖော်ထုတ်ပြီး အသုံးပြုလာတုန်းက ပြသာနာ မဖြစ်ခဲ့ပေမယ့် ၁၉ ၆၈ ခုနှစ်လောက်ကစပြီး အငြင်းပွားဖွယ်ရာ ဖြစ်လာခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ
Dr. Robert Ho Man Kwok ကနေ New England Journal of Medicine ဆီ စာတစ်စောင်ရေးသားခဲ့ပါတယ်။ အဲဒီစာရဲ့ ခေါင်းစဉ်က Chinese Restaurant Syndrome တရုတ်စားသောက်ဆိုင်ရဲ့ ရောဂါလက္ခဏာစုများ ဖြစ်ပါတယ်။ သူ့ရဲ့ စာထဲမှာတော့ တရုတ် – အမေရိကန် စားသောက်ဆိုင်တွေမှာ အစားစားပြီးတဲ့နောက် သူ့ရဲ့ ဂုတ်မှာ ထုံကျင်တာတွေ၊ အားအင်ချိနဲ့သလို ဖြစ်ပြီး ရင်တုန်ပန်းတုန် ဖြစ်တယ်ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။
တရုတ်စားသောက်ဆိုင်တွေမှာ စားပြီးတိုင်း အဲလို ဖြစ်ရတာကတော့ အစားအစာထဲမှာ ဆိုဒီယမ်ဓာတ်များလွန်းလို့ဖြစ်နိုင်တယ်လို့ ထင်ကြေးပေးထားပြီး ပဲငံပုရာရည်ကြောင့် ဒါမှမဟုတ် ချက်ပြုတ်ရေးမှာ သုံးတဲ့ ဝိုင်တွေကြောင့် ဖြစ်မယ်ဆိုပြီး မှတ်ချက်ပြုခဲ့ပါတယ်။ ဒါ့အပြင် အစားအစာထဲမှာ သုံးတဲ့ MSG အချိုမှုန့်ကြောင့် ဖြစ်မယ်လို့ သူ့ရဲ့ စာထဲမှာ မှတ်ချက်ပြုထားခဲ့ပါတယ်။
အဲဒီစာ တစ်ခုနဲ့တင် အဆိုမှုန့်ကို ဆန့်ကျင်တဲ့လုပ်ရပ်တွေ များပြားလာရာက အခုဆိုရင် လုံးဝ မစားသင့်တဲ့အရာ၊ တဖြည်းဖြည်းနဲ့ လူကို သတ်တဲ့အရာ ဆိုပြီး ရှုမြင်လာကြပါတယ်။ နောက်ပိုင်းမှာတော့ အချိုမှုန့်ကိုသာ ဆန့်ကျင်ရှုတ်ချလာတာမကတော့ပဲ တရုတ်အစားအစာတွေဟာ ခေါင်းကိုက်မှုတွေ၊ ရင်ဘတ်အောင့်တာတွေ၊ မူးမော်တာတွေ၊ အသက်ရှုမဝတာတွေ ဖြစ်တယ်ဆိုပြီး လူမျိုးရေးဆိုင်ရာ အစားအစာတွေကို ခွဲခြားတဲ့အထိ ဖြစ်လာပါတယ်။
အဲဒီလိုနဲ့ အစားအသောက်ကိုအခြေခံတဲ့ လူမျိုးရေးခွဲခြားမှုတွေဖြစ်လာခဲ့တယ်လို့ အစားအသောက်အကြောင်း ရေးသားထုတ်ဝေပြီး ရုပ်မြင်သံကြားမှာလည်း တင်ပြသူ Adam Liaw က ပြောပါတယ်။ တရုတ်စားသောက်ဆိုင်တွေဟာ ညစ်ပတ်တယ်၊ ရောဂါဘရ ပေါင်းစုံတဲ့နေရာသာ ဖြစ်တယ်၊ လမ်းပေါ်က ကြောင်တွေကို သတ်ပစ်သူတွေဖြစ်တယ်ဆိုတဲ့ ပြောဆိုမှုမျိုးနဲ့ ကြီးပြင်းလာခဲ့ရတယ်လို့ သူက ပြောပါတယ်။
ဒါပေမဲ့ အချိုမှုန့်နဲ့ ဆက်စပ်ပြီး အမေရိကန်အပြင် တခြားနိုင်ငံတွေကလည်း သုတေသန လုပ်တဲ့အခါမှာ အချိုမှုန်စားတာနဲ့ Chinese Restaurant Syndrome ဆိုတဲ့ တရုတ်စားသောက်ဆိုင် ရောဂါ လက္ခဏာစုနဲ့ တိုက်ရိုက်ဆက်သွယ်မှု မရှိတာကို တွေ့ရှိခဲ့ကြရပါတယ်။
Anthony Bourdainဆိုတဲ့ ကွယ်လွန်သူ နာမည်ကြီး ရုပ်မြင်သံကြား တင်ဆက်သူကတော့ သူပါဝင်ရိုက်ကူးတဲ့ Parts Unknown filmed in Sichuan အစားအသောက် ဆီးရီးမှာ မှတ်ချက်ပေးထားတာကတော့ Chinese Restaurant Syndrome ကို ဘာတွေက ဖြစ်စေသလဲ ဆိုတာ သိကြရဲ့လား၊ တကယ်တော့ အဲဒီရောဂါစုတွေဟာ လူမျိုးရေး ခွဲခြားမှုကြောင့် ဖြစ်ရတာဆိုပြီး ပြောဆိုလိုက်ပါတယ်။ အဲဒီနောက် အောင်မလေး ကျနော် ခေါင်းကိုက်လိုက်တာ၊ ဟိုတရုတ်တစ်ယောက်ကြောင့် ဖြစ်မယ် ဆိုပြီး ခနဲ့တဲ့တဲ့နဲ့ ပြောဆိုသွားခဲ့ဖူးပါတယ်။
အချိုမှုန့်နဲ့ Chinese Restaurant Syndrome ရောဂါစုတို့အကြား တိုက်ရိုက် ဆက်စပ်မှု မရှိဘူးဆိုတာကို တွေ့ရှိထားပေမယ့် သြစတြေးလျနဲ့ နယူးဇီလန်ဆိုင်ရာ Food Standards Australia New Zealand states အဖွဲ့ကတော့ အချိုမှုန့်ကို အစားများလွန်းတဲ့အခါမှာတော့ hypersensitivity-type reaction တွေ ဖြစ်နိုင်ပေမယ့် အဲလို ဝေဒနာကို ခဏတာ ခံရတာဖြစ်ပြီး ရေရှည် ထိခိုက်မှုတော့ မဖြစ်နိုင်ဘူးလို့ ပြောဆိုထားပါတယ်။
အချိုမှုန့်ရဲ့ glutamates အစားများလို့ ဖြစ်ပေါ်တဲ့ ဝေဒနာကို အလက်ဂျီလို့ မသတ်မှတ်ပဲ sensitivity သာ ဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီတော့ အချိုမှုန့်နဲ့ မတည့်တဲ့လူဟာ တခြား glutamates ပါဝင်တဲ့ သဘာဝ အစားအစာတွေကို စားရင်လည်း အလားတူ sensitivity တွေ ခံစားရမှာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
ပြောရမယ်ဆိုရင် အချိုမှုန့်က လူတွေကို ဒုက္ခပေးတာ မဟုတ်ဘူးဆိုပေမယ့် တန်ဆေးလွန်ဘေး ဆိုတဲ့ စကားအတိုင်း ဘာမဆို အလွန်အကျွံမစားသင့်တဲ့သဘောကို ဆောင်ထားရင်တော့ ပြသာနာမရှိတဲ့ သဘော ဖြစ်ပါတယ်။
တရုတ်အစားအသောက်တွေကို စားလို့ တခုခုဖြစ်တယ်ဆိုရင်လည်း အချိုမှုန့်ကြောင့် မဟုတ်ပဲ တခြားအရာတွေကြောင့်သာ ဖြစ်မယ်လို့ မောနပ်စ်တက္ကသိုလ်က ပါမောက္ခ မာလင် သောမတ်စ်က ပြောပါတယ်။
Vegemite တို့ Parmesan cheese တွေထဲမှာလည်း အချိုမှုန့်ဓာတ် ပါဝင်တဲ့အတွက် အဲဒါကို စားလို့ ဘာမှမဖြစ်ရင် အချိုမှုန့်နဲ့ မတည့်ဘူးလို့ မပြောနိုင်ဘူးလို့ သူက ပြောပါတယ်။ အကယ်လို့ အစားတခုခုကို စားလို့ မတည့်ဘူးလို့ ထင်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဘယ်ဟာကြောင့် အဲလို ဖြစ်ရသလဲ ဆိုတာကို သိအောင်လုပ်သင့်တယ်လို့လည်း Adam Lieu က ပြောပါတယ်။ အကယ်လို့ အချိုမှုန့်ဓာတ်ပါဝင်တဲ့ တခြား သဘာဝ အစားအသောက်ကို စားလို့ ဘာမှမဖြစ်ပဲ အချိုမှုန့်ပါတဲ့ တရုတ်အစားကို စားမိလို့ ဖြစ်တယ်လို့ ပြောရင် မမှန်နိုင်ဘူး ဆိုတဲ့သဘော ဖြစ်ပါတယ်။ တကယ်တော့ အချိုမှုန့်ကြောင့်မဟုတ်ပဲ ပဲနဲ့ မတည့်တဲ့လူက ပဲငံပြာရည် စားမိလို့ ဒါမှမဟုတ် sulphites, amines တွေ ပါဝင်မှုများလို့ ဖြစ်နိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။
MSG အချိုမှုန့်မှာ ကောင်းကျိုးတွေရော ရှိရဲ့လားလို့ မေးလာနိုင်ပါတယ်။
Monosodium glutamate (MSG), a flavor enhancer in many asian food
ဆောင်းပါးရှင် Audrey Bougert ကတော့ MSG အချိုမှုန့်ဟာ အစားအသောက်ကို အရသာ ပိုရှိအောင်လုပ်ပေးနိုင်တဲ့အပြင် ရိုးရိုးဆားနဲ့ ယှဉ်လိုက်ရင် ဆိုဒီယမ် ပါဝင်မှုက ၃ ပုံ ၁ ပုံသာ ပါဝင်တဲ့အတွက် ဆားဓာတ်လျှော့စားချင်တဲ့လူတွေအတွက် သင့်တော်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သဘာဝကနေ ရနိုင်တဲ့ အမွေးအကြိုင်တွေ၊ အသီးအနှံတွေက အကောင်းဆုံးပဲ ဖြစ်တယ်လို့ အဟာရ ဗေဒပညာရှင် Rouf က ပြောပါတယ်။
ဒါပေမဲ့ လူအိုရုံတွေမှာဆိုရင် သက်ကြီးတွေဟာ ဘာစားစား ခံတွင်းမတွေ့တတ်သလို အနံ့ခံကောင်းလွန်းတာမျိုး ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ အဲလို အချိန်မျိုးမှာ ပိုစားဝင်အောင် အချိုမှုန့် ထည့်ပေးလိုက်ရင် ခံတွင်းတွေ့တာမျိုး ဖြစ်စေနိုင်တယ်လို့ Liaw က ပြောပါတယ်။
အချိုမှုန့်ကို မကောင်းပြောတဲ့လူတွေ များပြားနေဆဲဖြစ်သလို တဖက်မှာလည်း အချိုမှုန့် လူတွေ ထင်သလို မဆိုးဘူးလို့ ပြောဆိုလာသူတွေလည်း ပိုမို များပြားလာနေပါတယ်။ နာမည်ကြီး စားဖိုမှူးတွေနဲ့ အစားအသောက်အကြောင်း ရေးသားသူတွေဖြစ်တဲ့ David Chang Heston Blumenthal Fuchsia Dunlop နဲ့ Helen Rosner ဟာ လူသိရှင်ကြား အချိုမှုန့်ကို ထောက်ခံသူတွေဖြစ်ပြီး အချိုမှုန့်ရဲ့ ကောင်းကျိုးကို ပြောလေ့ရှိသူတွေ ဖြစ်ကြပါတယ်။
အချိုမှုန့်ပါဝင်တဲ့ တရုတ်အစားတွေကို စားလို့ Chinese Restaurant Syndrome ဆိုတဲ့ တရုတ်စားသောက်ဆိုင် ရောဂါစုလက္ခဏာတွေ ဖြစ်ရတဲ့အကြောင်း သိပ္ပံနည်းကျကျ လေ့လာတဲ့အခါမှာ မဟုတ်မမှန်ကြောင်း တွေ့ရှိထားပြီဖြစ်လို့ ဒီအချိန်ဟာတော့ဖြစ် MSG အချိုမှုန့်ရဲ့ မကောင်းသတင်းကို မပြောသင့်တော့ဘူးပဲ သိပ္ပံရဲ့ တွေ့ရှိချက်ကို ယုံကြည်သင့်တယ်လို့ Liaw က ပြောဆိုလိုက်တဲ့အကြောင်း Audrey Bourget ရဲ့ ဆောင်းပါးကို ဘာသာပြန် တင်ဆက်လိုက်ပါတယ်ရှင်။ ကျမက မူလှိုင်းသိမ့်ပါ။
လေးစားစွာဖြင့် ခရက်ဒစ်ပေးပြီး ကူးယူဖော်ပြပါသည်…
Credit \\ original