Latest Posts

ဖြတ်သန်းခဲ့ရတဲ့ ကုဋေ ရှစ်ဆယ် သူဌေးသားဘဝကိုပြောပြတဲ့ ကျော်ဇင်ထွဋ်


ကျရာ ဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိုင်တဲ့ စွယ်စုံရမင်းသားလည်းဖြစ် ပရိတ်သတ်တွေကြားမှာ အထူးသဖြင့် ဗီလိန်ဇာတ်ရုပ်တွေသရုပ်ဆောင်တဲ့ နေရာမှာ နာမည်ကြီးနေတဲ့ မင်းသား သရုပ်ဆောင်ကျော်ဇင်ထွဋ်ရဲ့ အကယ်ဒမီပေးပွဲအပေါ် သူ့အနေနဲ့ ထင်မြင်ယူဆချက်တွေက ဘာတွေလဲ သူ့ဘဝအကြောင်းကရော အခုလက်ရှိ ဘယ်လိုတွေ ဖြစ်နေလဲဆိုတာကို ပြောပြပေးသွားမှာပါ။


“အခုက အကယ်ဒမီပေးပွဲရက်လည်း နီးနေပြီဆိုတော့ အဲ့ဒါနဲ့ပတ်သက်ပြီး အရင်နှစ်တွေကလည်းပြောပါတယ် ဇာတ်ပို့ဆုကို တကယ့် ဇာတ်ပို့ စစ်စစ်ကိုပဲ ရစေချင်ပါတယ်။ ရှင်းရှင်းပြောရရင် အဓိကဇာတ်ဆောင်တွေက ဇာတ်ပို့ဆုကြီးရပြီးတော့ အိမ်ပြန်သွားရရင်လည်း သူတို့ပျော်တာ ငါးဆယ်ရာခိုင်နှုန်းလောက်ပဲရှိမှာပါ။ ဘယ်သူ့ကိုပဲ ငါဒီဆု ရတယ်ဆိုပြီး ဘယ်လိုပဲကြွားကြွား ပျော်ရမယ်မထင်ပါဘူး ဘာလို့လဲဆိုတော့ ဇာတ်ဆောင်တစ်ယောက်က ဇာတ်ပို့ဆုကို ရတာကိုး..။ ဖြစ်စေချင်တာကတော့ ဇာတ်ဆောင်ဆုကို နှစ်ယောက်ပေးပြီး ဇာတ်ပို့ဆုကိုတော့ တစ်ခုထဲဆိုလည်း ဖြစ်ပါတယ် အဓိကက ဇာတ်ပို့ စစ်စစ်ကိုရစေချင်တာပါပဲ။ ဘာလို့လဲဆိုတော့ လုပ်ပိုင်ခွင့်ကြတော့ ကျွန်တော်တို့ အရမ်းကွာပါတယ်။

သူတို့ပါဝင်ရတဲ့ ဇာတ်ဝင်ခန်း၁၅ခန်းဆို ကျွန်တော်တို့က ၅ခန်းလောက်ပေါ့နော် အဲ့လိုဆိုတော့ ဇာတ်ပို့တွေအနေနဲ့လည်း လုပ်ပိုင်ခွင့်လည်းနည်းသလို မျှော်လင့်ချက်လည်း အရမ်းနည်းပါတယ်။ တကယ့်ဇာတ်ပို့ အစစ်တွေကလည်း ဇာတ်ပို့ဆုကို ရခဲ့ရင် တကယ်ပျော်ရမှာပါ။ ဒါပေမယ့် တချို့တွေက. ကျွန်တော်တို့ကို ဒီကောင်တွေက ဒီပိုက်ဆံကို မက်နေလို့ ဘာလို့ဆိုပြီး အသံတွေ အပြစ်တွေ ပြောကြမှာပါ။ ကျွန်တော်တို့လည်း မွဲနေတဲ့ထဲတော့ မပါပါဘူး ဒါပေမယ့် ဒီဆုကိုရတဲ့ အခါကျတော့ ထီပေါက်သလို ခံစားရတာပေါ့။ တကယ့်ခြံအကောင်းစား ကားအကောင်းစားတွေနဲ့ နေနေရတဲ့ လူတစ်စုထဲမှာမှ ဒီဆုလေးရလို့ ကျွန်တော်တို့အတွက်က ပျော်စရာပါပဲ။ ဒါပေမယ့် လူတစ်စုကတော့ ပြောလာပါလိမ့်မယ် မင်းတို့က ငွေမက်လို့ မွဲနေလို့ မွဲလို့တောင် မိသားစုနဲ့ကွဲသေးတာပဲ ဆိုပြီး ပြောကြမှာသိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က နေနေတဲ့ပတ်ဝန်းကျင်ကိုလည်း မေးကြည့်ပါ အရင်တုန်းကလည်း ကျော်ဇင်ထွဋ်မမွဲခဲ့သလို အခုလည်း မွဲမနေပါဘူး လူတန်းစေ့တော့ နေနိုင်ပါတယ်။ ဒါပေမယ့် ဟိုတုန်းကလိုတော့ သူဌေးမဟုတ်တော့ဘူးပေါ့ သူဌေးမဟုတ်တော့တာကလည်း ကျွန်တော် လူတွေကို ယုံခဲ့မိလို့ပါ။ သိန်းတစ်ထောင်ဆိုတဲ့ ပိုက်ဆံကို လေးငါးနှစ်အတွင်း ကုန်အောင် ဖြုန်းဖူးပြီး သုံးလေးနှစ်အတွင်း ပြန်ရပ်တည်နိုင်အောင် လုပ်ဖူးပြီးမှ ကျွန်တော်ကို လာပြောကြပါ။ ပရိတ်သတ်ကိုတော့ စိန်ခေါ်တာ မဟုတ်ပါဘူး ပေါ်တင်ကြီးတွေ လိုက်ပြီး ကဲ့ရဲ့နေတဲ့ လူတွေကို ပြောချင်တာပါ။


အထူးသဖြင့် ကျောင်းတုန်းက သူငယ်ချင်းတွေပေါ့ တစ်ချိန်တုန်းကတော့ ကိုယ့်ကားကိုလိုက်စီး ကိုယ်နားကပ်နေပြီးမှ အခုကျတော့ ဒိကောင်မွဲသွားလို့ ဘာလို့ဆိုပြီး ကျွန်တော့်ဘက်မှာ မရှိတော့တဲ့ သူတွေပေါ့နော်။ ငယ်ငယ်တုန်းကဆို ကလေးတွေကို ဆုံးမရင် ဥပမာအနေနဲ့ ကုဋေရှစ်ဆယ် သူဌေးသားကို ပြကြတယ်။ အခုကတော့ ကျွန်တော့်ကိုသာကြည့်ပါ။ ကျွန်တော်ဘဝကို တကယ် truleyဖြတ်သန်းခဲ့တယ် ဒါပေမယ့် ဘာတစ်ခုသိရလဲဆိုတော့ ဘာမှမရှိတော့တဲ့အချိန်မှာ အကုန်ငြိမ်းချမ်းသွားတယ် နည်းနည်းလေး စားနိုင်သောက်နိုင်ပြီး လည်ပတ်နေတဲ့ဘဝက တကယ်ပျော်စရာကောင်းတယ်။ ဘာအပူပင်မှ မရှိတော့ဘူး။ နောက်တော့ ခြောက်လလောက်နေတဲ့ အချိန်မှာ ကားပြန်ဝယ်နိုင်သွားတယ်။ အဲ့မှာ အပူကစတော့တာပဲ အိမ်ရှေ့မှာ ဒုန်းဒိုင်းကြားရရင် ငါ့ကားဘာဖြစ်ပြီလဲ ဘာလဲပေါ့ ဆိုတော့ ရှိလေလေ ပူရလေလေပါပဲ။ ပြီးတော့ တိုက်ခန်းဝယ်လိုက်တာ တော်တော်မှားသွားတယ်။ မဝယ်လိုက်ပဲနဲ့ ကားပဲဆက်စီးနေပြီး အိမ်ငှါးဘဝနဲ့ နေလိုက်ရင် ကျွန်တော်မိသားစုလည်းကွဲမယ် မထင်ဘူး။ အိမ်ထောင်တစ်ခုမှာ အပူတွေကတော့ ရှိတာပါပဲ။ ဒါပေမယ့် အားလုံးအေးချမ်းသွားတဲ့ အချိန်မှာ အဲ့ထက်သာတဲ့အရာတွေကို လိုက်တွေးပြီး အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ လိုက်မလုပ်ပေးနိုင်တဲ့အခါ ကွဲကြတာမျိုး ဖြစ်တတ်ပါတယ်။


အဓိကက ကျွန်တော့်မှာ မက်မောမှု ဘာမှ မရှိဘူး အဲ့ဒါကလည်း ဆုံးရှုံးမှုတွေ ဖြစ်စေတယ်။ ပိုက်ဆံကို တကယ် သုံညဖြစ်ပြီး ပြန်ရှာရတဲ့အခါကျမှ တန်ဖိုးထားတတ်လာတာပါ တန်ဖိုးထားတတ်တာတောင် အခုကျွန်တော်ရှေ့မှာ သွေးသားမတော်စပ်တဲ့ သူ အမှန်ကန်ဒုက္ခရောက်နေပြီဆို အကုန်ခံပြီး ကူညီလိုက်တာတွေရှိသေးတယ်။”ဆိုပြီး သူ့ဘဝအကြောင်းကို ရင်ဖွင့်ခဲ့ပါတယ်။