စိတ်ဆိုးဒေါသထွက်ပြီး ၉ လအရွယ် သားဖြစ်သူကို ၅ ထပ်အမြင့်ကနေ ပစ်ချလိုက်တဲ့ မိခင်
“A” လို့ အမည်ဝှက်ပေးထားတဲ့ ကိုရီးယားအမျိုးသမီးတစ်ဦးဟာ သူမရဲ့ ၉ လအရွယ် သားအရင်းဖြစ်သူကို နေအိမ်တိုက်ခန်းရဲ့ ပြတင်းပေါက်နေပစ်ချကာ သေစေမှုကြောင့် အဖမ်းခံထားရတယ်လို့ သိရပါတယ်။ အသက် ၃၆ နှစ်အသက်အရွယ်ရှိနေပြီဖြစ်တဲ့ ထိုအမ်ျိုးသမီးဟာ သူမရဲ့ ကလေးကို ပြတင်းပေါက်ကနေပစ်ချလိုက်တာကို အိမ်နီးချင်းတစ်ယောက်က တွေ့မြင်ပြီးနောက်မှာတော့ ရဲစခန်းကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
ရဲတွေရဲ့ စစ်ဆေးမှုအရကတော့ “A” ဟာ သူမရဲ့ ရည်းစားဖြစ်သူနဲ့အတူ ဂွမ်ဂျူမြို့ရှိ တိုက်ခန်းတစ်ခန်းမှာ အတူနေထိုင်သူဖြစ်ပြီး အခင်းဖြစ်ပွားတဲ့မနက်ပိုင်းတုန်းက အတူနေရည်းစားနဲ့ ရန်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ရန်ဖြစ်ရတဲ့အကြောင်းအရင်းကတော့ သူမရဲ့ ရည်းစားဖြစ်သူဟာ ငိုနေတဲ့ကလေးကို မစောင့်ရှောက်ချင်တာနဲ့ ပတ်သတ်ပြီးဖြစ်ကာ အဲဒီနောက်မှာတော့ သူမဟာ ကလေးကိုခေါ်ပြီး တိုက်ခန်းကနေ ထွက်ခွာလာခဲ့ပါတယ်။
သူမ ပြန်လာတဲ့အခါမှာတော့ နေထိုင်ရာအခန်းရဲ့ လျှို့ဝှက်တံခါးသော့နံပါတ်ကို မေ့သွားတာကြောင့် အခန်းထဲကို ၀င်လို့မရခဲ့ပါဘူး။ အဲဒီအခါမှာတော့ သူမဟာ စိတ်ဆိုးဒေါသထွက်ပြီး သူမရဲ့သားဖြစ်သူ ၉ လသားအရွယ်ကလေးကို ၅ ထပ်တိုက်ရဲ့ လျှောက်လမ်းပြတင်းပေါက်ကနေပြီးတော့ ပစ်ချလိုက်တာ ဖြစ်ပါတယ်။
အိမ်နီးချင်းတစ်ယောက်က သူမကို ကလေးမပါပဲ တစ်ယောက်တည်းမြင်တွေ့ရတာက ထူးဆန်းနေတာကြောင့် ကလေးဘယ်မှာလဲလို့ မေးတဲ့အခါမှာတော့ သူမက “အပြင်ကို ပစ်ချလိုက်ပြီ” လို့ပဲတုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ သူမရဲ့ တုံ့ပြန်စကားကို အိမ်နီးချင်းကကြားပြီးနောက်မှာတော့ ရဲစခန်းနဲ့ ဆေးရုံကားဆီကိုချက်ချင်းဖုန်းဆက်ပေးခဲ့ပါတယ်။ ကလေးကိုတော့ ဆေးရုံဆီကို အလျင်အမြန်ပို့ဆောင်ပေးခဲ့ပေမယ့်လည်း သိပ်မကြာခင်မှာပဲ ဆုံးပါးသွားခဲ့တယ်လို့ သိရပါတယ်။
ရဲတွေက “A” ကို စစ်ဆေးမေးမြန်းတဲ့အခါမှာတော့ သူမက သူမရဲ့ ရည်းစားက တံခါးမဖွင့်ပေးတဲ့အတွက် ကလေးကိုပြတင်းပေါက်ကနေ ပစ်ချလိုက်တာဖြစ်ကြောင်းကို ၀န်ခံခဲ့ပါတယ်။ “ကျွန်မ တံခါးကိုထုတယ်၊ ဘဲလ်တီးတယ် ဒါပေမယ့် သူက တံခါးမဖွင့်ပေးဘူး။ ဒီတော့ ကျွန်မလည်း ဒေါသထွက်ပြီး ကျွန်မရဲ့ကလေးကို ပစ်ချလိုက်တာ” လို့ သူမက ၀န်ခံခဲ့တာ ဖြစ်ပါတယ်။
သူမရဲ့ ရည်းစားဖြစ်သူဟာ အကြားအာရုံခံအကူကိရိယာနဲ့မှ အသံတွေကို ကောင်းမွန်စွာကြားနိုင်သူဖြစ်ပြီး အခင်းဖြစ်တဲ့အချိန်တုန်းက သူဟာ ထိုကိရိယာကိုချွတ်ကာ အိပ်ပျော်နေတာကြောင့် ‘A’ ရဲ့ တံခါးထုသံ၊ ဘဲလ်သံတွေကို မကြားခဲ့ရကြောင်း ထွက်ဆိုထားပါတယ်။ သားအရင်းကို သေစေခဲ့တဲ့ ‘A’ ကတော့ စိတ်ရောဂါ အဆင့် (၃) ရှိသူဖြစ်တယ်လို့ သိရပါတယ်။
Credit \\ original