ဗီရာ အနိုင်ယူဖို့အတွက် သူ့ရဲ့ အားသာချက်ကို ထုတ်ပြောပြလိုက်တဲ့ အောင်လ အန်ဆန်း
ဗီရာ အနိုင်ယူဖို့အတွက် သူ့ရဲ့ အားသာချက်ကို ထုတ်ပြောပြလိုက်တဲ့ အောင်လ အန်ဆန်း
လက်ရှိ one championship ရဲ့ ၀ိတ်တန်း နှစ်ခုမှာ ကမ္ဘာ့ချန်ပီယံဆု ကို ဆွတ်ခူးထားတဲ့ အောင်လန် အန်ဆန်း ကတော့ လာမယ့် အောက်တိုဘာလ မှာ ထိုးသတ်မယ့်
ဘရန်ဒန် ဗီရာ နဲ့ပွဲ အတွက် သူ့ရဲ့ အားသာချက် တစ်ချို့ကို မီဒီယာတွေဆီ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။
ဘရန်ဒန် ဗီရာဟာ Light Heavy Weight ချန်ပီယံဆု အတွက် အောင်လ ကို စိန်ခေါ်ထားခဲ့တာ ဖြစ်ပြီး ၊ သူ့ရဲ့ စိန်ခေါ်မှုကို အောင်လ ကလဲ ကျေကျေနပ်နပ် နဲ့ လက်ခံခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဗီရာဟာ အဲဒီပွဲစဉ်အတွက် ကိုယ်အလေးချိန် တန်းဝင်ဖို့အတွက် ၀ိတ်ချမှုတွေ ပြုလုပ်ရင်း ၊ ပြင်ဆင်မှုတွေ ပြုလုပ်လျှက် ရှိနေတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက
The Rock နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့သလို ၊ အောင်လ လို ဖိုက်တာမျိုးနဲ့ ထိုးသတ်ခွင့် ရထားတဲ့ အတွက်လဲ စိတ်လှုပ်ရှားနေတယ်လို့ ရင်ဖွင့်ထားခဲ့တာပါ။
မနေ့ကတော့ အောင်လ အန်ဆန်းဟာ သူ့ရဲ့ လေ့ကျင့်ဖော် မာတင် ငုယင်ကို အားပေးဖို့ အတွက် ဖိလစ်ပိုင်ကို ရောက်ရှိလာခဲ့သလို ၊ Dawn of Heroes ပြိုင်ပွဲ အပြီး
သတင်းထောက်တွေ နဲ့ အင်တာဗျူးမှာ ဗီရာကို အနိုင်ယူဖို့ အတွက် သူ့ရဲ့ အားသာချက်တွေကို အခုလို ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။
“ ကျနော် ကိုယ်တိုင်က ဗီရာ ရဲ့ ပရိသတ် တစ်ယောက်မို့ သူနဲ့ ထိုးရမှာ အရမ်းကို လှုပ်ရှားမိပါတယ်။
သူဟာ ကျနော့်ထက် ၀ိတ်ပိုကြီးသလို ၊ အရပ်လဲ ပိုမြင့်လို့ ကိစ္စမရှိပါဘူး။ လက်ရှိ ကျနော် နဲ့ အတူ လေ့ကျင့်ပေးနေတဲ့ ထရိန်နာ တစ်ချို့က သူ့ထက်တောင် ၀ိတ်ပိုကြီးသလို ၊ သူ့ထက်လဲ အရပ် ပိုမြင့်တဲ့ သူတွေ ပါပါတယ်။
သူတို့ နဲ့ နေ့တိုင်း လေ့ကျင့်နေတာကြောင့်မို့ ဗီရာ နဲ့ ထိုးသတ်ဖို့ ဘာပြသနာမှ မရှိပါဘူး။
ကျနော့်ရဲ့ အားသာချက်လား? အားသာချက်က မနှစ်က တစ်နှစ်အတွင်းမှာပဲ ကျနော် ထိုးသတ်တဲ့ ပွဲအရေ အတွက် က သူ့ရဲ့ လွန်ခဲ့တဲ့ 3 နှစ် အတွင်း ထိုးသတ်ခဲ့တဲ့ ပွဲပေါင်းထက်ကို ပိုများနေခဲ့တာပါ။
ဒါကြောင့် အဲဒီ အနေအထားက အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။
အောင်လ အန်ဆန်းရဲ ပြောပြချက် အရ ဗီရာဟာ အခုနောက်ပိုင်းမှာ ပွဲထိုးသတ်မှု နည်းပါးသွားတာကြောင့် ၊ ပွဲဆက်အရေအတွက်တွေနဲ့ ကျင့်သား ပိုရနေတဲ့ သူ့ရဲ့
အနေအထားက အသာစီးရယူနိုင်လိမ့်မယ်လို့ ယုံကြည်ထားဟန် ပါပဲ။ အသက် 41 နှစ် အရွယ်ရှိနေပြီ ဖြစ်တဲ့ ဖီလစ်ပီနို ဖိုက်တာ ကြီးကလဲ သူ့အနေနဲ့ အသက်အရွယ် ရလာပြီ ဖြစ်သည့်တိုင်အောင်
သူ့အနေနဲ့ ကမ္ဘာ့အကောင်းဆုံး ဖိုက်တာတွေကို အနိုင်ယူပြချင်သေးတယ်လို့ မကြာသေးခင်ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာ အခုလို ပြောဆိုထားခဲ့ပါသေးတယ်။
“ ကျနော်က လက်ရှိ အချိန်ထိ ကမ္ဘာ့အကောင်းဆုံး ဖိုက်တာတွေကို စိန်ခေါ်နိုင်ရမယ်လို့ မှတ်ယူထားတုန်းပါ။ ဒါကြောင့်မို့ ခန္ဒာကိုယ်က လေ့ကျင့်မှုတွေ လက်မခံနိုင်တော့တဲ့
အချိန်ရောက်မှပဲ ဒီလောက က ကနေ အနားယူဖို့ စီစဉ်ထားပါတယ်။ 41 နှစ် ဆိုတာက ပြသနာ မဟုတ်သလို ၊ ၀ိတ်ချလိုက်ရတဲ့ အတွက်လဲ ပြသနာ မရှိပါဘူး။ အဓိက က သက်လုံကောင်းကောင်း နဲ့
ခွန်အားပြည့် ထိုးသတ်နိုင်ဖို့ပါ။ အဲဒီ အတွက် ကြိုတင်ပြင်နေခဲ့တာ ကြာပါပြီ” လို့ ပြောဆိုသွားခဲ့ ပါတယ်။
Credit \\ original