Latest Posts

“ပရဟိတ မိဘမဲ့ကျောင်းမှ ကျောင်းသားကျောင်းသူ (၅၀၀) အတွက် (၅) နှစ်စာ စားသုံးရန် ဆန်အိတ်ပေါင်း ၆၃၅၀ အိတ် လှူဒါန်းခဲ့တဲ့ မိသားစု..”



ဒိုးပင်အောင်ကံသာ ပရဟိတကျောင်းမှ ကျောင်းသားကျောင်းသူ ၅၀၀ အတွက် ၅ နှစ်စာ စားသုံးရန် ဆန်အိတ်ပေါင်း ၆၃၅၀ အိတ် လှူဒါန်းခဲ့

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ အောင်ချမ်းသာကျေးရွာရှိ ဒိုးပင်အောင်ကံသာ ပရဟိတကျောင်းမှ ကျောင်းသားကျောင်းသူ ၅၀၀ ဦးအတွက် တစ်နှစ်လျှင် လိုအပ်သည့် ဆန်အိတ် ၁၂၇၀ အိတ်နှုန်းဖြင့် ၅ နှစ်စာ အတွက် စားသုံးရန် ဆန်အိတ်ပေါင်း ၆၃၅၀ အိတ် ထောက်ပံ့လှူဒါန်းပွဲအခမ်းအနားကို ဇူလိုင် ၂၇ ရက် နံနက် ၉ နာရီက အဆိုပါပရဟိတကျောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် ဇနီး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အလှူရှင်မိသားစုများ၊ Great Wall International Co.,Ltd မှ တာဝန်ရှိသူများနှင့် ၀န်ထမ်းများ တက်ရောက်ခဲ့ကြသည်။



ရှေးဦးစွာ လှူဒါန်းပွဲအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်၍ ဒိုးပင်အောင်ကံသာ ပရဟိတ ကျောင်းဆရာတော် ဦးပဏ္ဍ၀ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆန်အိတ်များ လှူဒါန်းရခြင်းအား ဦးတင်မောင် တက္ကသိုလ်ပညာသင်ဆု ချီးမြှင့်ရေးကော်မတီမှ လျှောက်ထားကြသည်။

ထို့နောက် ဒိုးပင်အောင်ကံသာဆရာတော် ဦးပဏ္ဍ၀ထံ အလှူရှင် ဦးတင်မောင် + ဒေါ်နန်းလှစိန် (Great Wall International Co.,Ltd) မိသားစုမှ သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ဆန်အိတ်များအား ဆက်ကပ်လှူဒါန်းခဲ့ကြ ပြီး ဆရာတော်ထံမှ ရေစက်ချ တရားနာကြားကာ လှူဒါန်းမှု အစုစုတို့အတွက် ကုသိုလ်အမျှပေးဝေခဲ့ကြသည်။


အဆိုပါအခမ်းအနားတွင် အလှူရှင်ဦးတင်မောင်မှ မိမိအနေဖြင့် ဆရာတော်၏ မြင့်မြတ်သော စိတ်ဓာတ်ဖြင့် ဆောင်ရွက်နေသည့် ပရဟိတလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနိုင်စေရန် ကြည်ညိုသဒ္ဓါပွားများစွာဖြင့် လာရောက် လှူဒါန်းခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒိုးပင်အောင် ကံသာပရဟိတကျောင်းတွင် အနယ်နယ် အရပ်ရပ်မှ မိဘမဲ့ကလေးများ ပညာသင်ကြားရန် ခက်ခဲနေသည့် ကျောင်းသားကျောင်းသူများအား လူမျိုးဘာသာမရွေး လက်ခံ၍ ပြုစု စောင့်ရှောက်ခဲ့သည်မှာ နှစ်ပေါင်း ၄၀ နီးပါးရှိခဲ့ပြီး လက်ရှိအချိန်တွင် လူငယ်ကျောင်းသားပေါင်း ၁၀၀၀ ကျော် ကို ပြုစုစောင့်ရှောက်ကျွေးမွေးလျက်ရှိရာ


၎င်းတို့အတွက် နေ့စဉ် ကုန်ကျငွေများအတွက် ယခုကဲ့သို့ အလှူရှင်များ လှူဒါန်းပေးမှုဖြင့် ဆရာတော်၏ ပရဟိတလုပ်ငန်းများအတွက် အားအင်များ ဖြစ်ပေါ်စေကြောင်း ဆရာတော်က အဆိုပါလှူဒါန်းပွဲတွင် မိန့်ကြားခဲ့သည်။

Credit – mmcelestars