အရမ်းချစ်ရတာတွေကို မကျွမ်းကျင်ဘူးဆိုတဲ့ ရဲရင့်အောင်
လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်ကစပြီး ကိုယ့်ကိုယ်ကိုယ် Young Yair လို့ ပရိသတ်ကိုမိတ်ဆက်ပေးခဲ့တဲ့ “You can call me Young Yair”ဆိုတဲ့ လူငယ်လေးဟာ ချိုမြရှတတဲ့အသံ၊ အမြဲတစေပြုံးယောင်သမ်းနေတတ်တဲ့ မျက်ဝန်းကြည်ကြည်လေးတွေနဲ့ နှလုံးသားထဲထိထွင်းဖောက်ဝင်ရောက်သွားစေနိုင်တဲ့သီချင်းစာသားတွေကြောင့်ပဲ တစ်နိုင်ငံလုံးက ပရိသတ်တွေဝိုင်းချစ်တာခံနေရတဲ့အပြင် ဆယ်ကျော်သက်ကောင်မလေးတွေအသည်းစွဲချစ်တာခံရတဲ့အဆိုတော်ကြီးဖြစ်လို့နေပါပြီ။
ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး။ရဲရင့်အောင်ဟာ ဗီဒီယိုသုံးကား ရုပ်ရှင်ကားကြီးတစ်ကားမှာ ပါဝင်သရုပ်ဆောင်ပြီးဖြစ်သလိုအခုနောက်ထပ်လည်း “လျို့ဝှက်စာမျက်နှာ” လို့အမည်ရတဲ့ ရုပ်ရှင်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ဖို့ရှိပါသေးတယ်။ တက်လမ်းအများကြီးရှိတဲ့အဆိုတော်ရုပ်ရှင်မင်းသား ရဲရင့်အောင်က မကြာသေးမီက Media တွေနဲ့ Interview မှာ ဒုတိယမြောက်တစ်ကိုယ်တော်အခွေလေးအကြောင်းနဲ့ နောက်ထပ်ရိုက်ရမယ့်ရုပ်ရှင်ကားကြီးမှာ အခက်တွေ့ကောင်းတွေ့စေနိုင်မယ့် အရာလေးတွေကို ပြောပြထားခဲ့ပါတယ်။
သူဖန်တီးတဲ့သီချင်းတွေကို စိတ်မကျေနပ်မချင်းလက်လွှတ်လေ့မရှိတဲ့ရဲရင့်အောင်က ပရိသတ်တွေစောင့်မျှော်ရလွန်းလို့ လည်ပင်းရှည်နေပြီဖြစ်တဲ့ သူ့ရဲ့နောက်ထပ်တစ်ကိုယ်တော်အခွေအသစ်အကြောင်းကို “အခွေကတကယ်တော့ပြီးနေပြီပေါ့နော်။အချို့ပရိသတ်တွေကပြောကြတယ်။ ပြီးရင် ထွက်လိုက်တော့ပေါ့။ ပြီးတယ်ဆိုတာက ပြီးတယ်လို့တော့ပြောလို့ရတယ်။ဒါပေမယ့် မပြီးသေးဘူး။
အဲ့လို။ ကျွန်တော်က မပြီးခိုင်းတာ။ပြီးမယ်ဆို ပြီးလိုက်လို့ရတယ်။ မပြီးခိုင်းတာ”လို့ တစ်စုံတစ်ရာကို စိတ်ပါဝင်စားစွာရှင်းပြနေတဲ့ ကလေးငယ်လေးရဲ့ပုံစံနဲ့ချစ်စရာကောင်းစွာဖြေကြားထားပြီး ပရိသတ်တွေအရမ်းကိုသိချင်နေကြတဲ့အခွေနာမည်လေးကိုလည်း “ကျွန်တော် Facebook မှာ ကျွန်တော့်အခွေနာမည်ကတော့ဒါပါဆိုပြီး ကျွန်တော်ရေးချင်နေတာကြာလှပြီ။ ဒါပေမယ့် မရေးသေးဘူး။ အရိပ်အမြွက်လေးပြောပြမယ်။ အရောင်တစ်ခုခုပဲ။ အရောင်တစ်ခုခုရဲ့ဟာပါ။
အရောင်တစ်ခုခုကို အစွဲပြုပြီး အရောင်တစ်ခုခုရဲ့နာမည်။ဒါပေမယ့် အဲဒီအရောင်ကိုကိုယ်စားပြုတာတော့မဟုတ်ဘူး”လို့ လျို့ဝှက်ချက်တစ်ခုကိုမပြောရမနေနိုင်ကလိကလိဖြစ်နေတဲ့ ကလေးလေးရဲ့ဟန်အမူအရာတွေနဲ့ လက်ချောင်းလေးတွေဝေ့ဝဲလှုပ်ရှားရင်းပြောပြထားပါတယ်။
အခွေဘယ်တော့လောက်ထွက်ဖြစ်မလဲဆိုတာကိုလည်း ရဲရင့်အောင်က “ကျွန်တော်တစ်လပိုင်းလောက်ကိုတော့ မှန်းထားတယ်။ရအောင်ထွက်မယ်ဗျာမရရအောင်ကြိုးစားမယ်။ အရင်ကအခွေထွက်ဖို့ကြာနေတာက အကောင်းဆုံးကိုစောင့်နေတာ။ မပြီးတော့ဘူး။ အဲ့တော့ ကျွန်တော်ကိုယ့်ကိုယ်ကိုယ်မောင်းမယ်။ကြိုးစားမယ်”လို့ ပြောထားပါတယ်။
သရုပ်ဆောင်နယ်ပယ်မှာလည်း ထူးချွန်ဖို့အများကြီးအလားအလာရှိသလိုကြိုးလည်းကြိုးစားနေတဲ့ ရဲရင့်အောင်က သရုပ်ဆောင်ရတာနဲ့ပတ်သက်တဲ့အခက်အခဲလေးတွေကိုလည်း “ကျွန်တော်အရမ်းကြီးမကျွမ်းကျင်ဘူး..လုပ်ရတာတစ်မျိုးဖြစ်တဲ့အရာတွေက အရမ်းချစ်ရတာတွေ၊အရမ်းခံစားရတာတွေ။အရမ်းခံစားရတာတွေ.. ကျွန်တော်အရမ်းမခံစားတတ်ဘူး။ ဘယ်လိုလဲမသိဘူး။
ဇာတ်လမ်းတွေဇာတ်ညွှန်းတွေဖတ်ရင် ဒီကိစ္စလောက်နဲ့ဒီလောက်ခံစားစရာလိုလားပေါ့။ကျွန်တော်က အမြဲတမ်းအဲ့လိုဖြစ်တတ်တယ်။ကျွန်တော့်အနေနဲ့တော့ ပေါ့ပေါ့ပါးပါးနဲ့ ဆန်းကြယ်တာမျိုးလေးတွေလုပ်ချင်ပါတယ်”လို့ မျက်ဝန်းထဲက မှည့်နက်လေးတလက်လက်ဖြစ်သွားတဲ့အထိ မျက်ဝန်းလေးတွေဟိုသည်ရွှေ့ရင်း လက်ဟန်ခြေဟန်လေးတွေနဲ့ဖြေကြားထားပါသေးတယ်။
အချစ်သီချင်းတွေအသည်းကွဲသီချင်းတွေကို ပရိသတ်တွေရင်ထဲမှာ ထိခိုက်ကြေပြုန်းသွားအောင်၊ နှလုံးသားထဲထိစီးဝင်သွားအောင် ရေးတတ်တဲ့ရဲရင့်အောင်သရုပ်ဆောင်တာကျတော့ မတူကြောင်းကို “ကျွန်တော်အချစ်သီချင်းတွေအသည်းကွဲသီချင်းတွေရေးတာက ရေးလို့ရတယ်ဗျ။
ဇာတ်ကားမှာကျတော့မလုပ်ချင်ဘူး အဲဒါမျိုး။ ဒီကားမှာတော့ ချစ်ရတဲ့အခန်းတွေပါတယ်ဗျ။ချစ်ရတာတွေအပြင် အခြားဆန်းကြယ်မှုလေးတွေလည်းပါတော့ ကျွန်တော်ဒီကားကို
သဘောကျတယ်”လို့ လေးနက်တဲ့ဟန်ပန်လေးနဲ့ ဖြေကြားထားပါတယ်။
ပြောချင်လွန်းလို့ပရိသတ်ကြီးထဲမှာရော ရဲရင့်အောင်ကိုချစ်တဲ့ YamilY တွေပါကြလား။ ရုပ်ရှင်တစ်ကားထက်တစ်ကား ပိုမိုကောင်းမွန်လာမယ့် Young Yair လေးရဲ့ ရုပ်ရှင်ကားကြီးထပ်ထွက်လာရင်လည်းအတူတူသွားရောက်အားပေးကြမယ်နော်။
Young Yair ဆိုတဲ့ လူငယ်ချောချောလေးကနေ တည်ငြိမ်ရင့်ကျက်ပြီးချောမောလွန်းတဲ့ အကယ်ဒမီတွေအများကြီးဆွတ်ခူးပိုင်ဆိုင်ထားတဲ့ မင်းသားကြီးရဲရင့်အောင်အဖြစ်အထိကို Young Yair နဲ့ အတူအားပေးလက်တွဲသွားမယ့်ပရိသတ်တွေရော… ရှိကြလား။
Credit \\ original





