Latest Posts

ရပ်ကွက်နေ ကလေးတွေအတွက် လမ်းဘေးစာကြည့်တိုက်လေး လုပ်ပေးထားတဲ့ (၁၅) နှစ်သား


ပုံမှန်ဆို ဆယ်ကျော်သက်ကလေးအများစုက သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းရင်လည်းဖြုန်း၊ ခရီးထွက်ရင်လည်း ထွက်နဲ့ အားလပ်ချိန်တွေကို ကုန်ဆုံးကြပါတယ်။ အသက်ငယ်သေးတာကြောင့်လည်း လူမှူရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ဖို့၊ ဦးဆောင်ပြီးလုပ်ဖို့ကို သိပ်စိတ်မ၀င်စားကြပါဘူး။ ဒါပေမယ့် ဖိလစ်ပိုင်နိုင်ငံက လိုရန်ဇိုအင်ဇိုပူအမ်တက်စ်ပီနာအမည်ရတဲ့ ဆယ်ကျော်သက်လေးကတော့ လက်ရှိမှာ ရပ်ကွက်စာကြည့်တိုက်မှူးလေးတစ်ယောက် ဖြစ်နေတာပါ။

လိုရန်ဇိုဟာ အသက်(၁၅) နှစ်သာ ရှိသေးပေမယ့် စာကြည့်တိုက်လေးဖွင့်ပြီး ရပ်ကွက်အကျိုးဆောင်နေသူတစ်ဦး ဖြစ်နေပါပြီ။ သူဟာ ကလေးတွေအတွက် အသိပညာမျှဝေ ဖြန့်ဝေပေးသူလည်း ဖြစ်နေပြန်ပါတယ်။ လိုရန်ဇိုဟာ သူနေထိုင်ရာ ရပ်ကွက်လေးထဲမှာ အဓိကအနေနဲ့ ကလေးတွေအတွက် ဆိုပြီး လမ်းဘေးစာကြည့်တိုက်လေးတစ်ခုကို ဆောက်လုပ်ပေးထားပါတယ်။ စာကြည့်တိုက်လေးက မိုးလုံလေလုံအဆောက်အဦတော့ မဟုတ်ပါဘူး။ စင်ကလေးအနည်းငယ်ရယ်၊ အပေါ်က အမိုးလေးတစ်ခုရယ်၊ ဒါလောက်ပါပဲ။ ဘေးနားမှာ စာဖတ်ချင်သူတွေ ဖတ်လို့ ရအောင်ဆိုပြီး ကျောက်စားပွဲတစ်လုံးနဲ့ ထိုင်ခုံ (၂) လုံး (၃) လုံးလောက်ကို ချပေးထားပါတယ်။

လိုရန်ဇိုဟာ သူ့စာကြည့်တိုက်လေးကို (၂၄) နာရီလုံးလုံး ဖွင့်လှစ်ထားပါတယ်။ စာအုပ်စင်မှာတော့ ဘာသာရေးစာအုပ်၊ သင်္ချာ၊ သိပ္ဗံ၊ အင်္ဂလိပ်စာစတဲ့ ကျောင်းစာအုပ်တွေအပြင် အခြားပြင်ပဗဟုသုတဖြစ်ဖွယ် စာအုပ်တွေနဲ့ ဆေးရောင်စုံခြယ်စာအုပ်တွေလည်း ထားရှိပါတယ်။ လိုရန်ဇိုရဲ့ စာကြည့်တိုက်လေးဟာ အခုဆိုရင် သူ့ရပ်ကွက်ထဲတင်တောင် မဟုတ်ပဲ အွန်လိုင်းမှာပါ ပေါ်ပြူလာဖြစ်လို့နေပါတယ်။ အထူးသဖြင့် လိုရန်ဇိုကိုယ်တိုင်ကလည်း သူ့ရဲ့ စာကြည့်တိုက်လေး အခုလိုအောင်မြင်လာတာကို ကျေနပ်ပီတိဖြစ်နေပါတယ်။



လိုရန်ဇိုက “… ကျွန်တော် မနက်မိုးလင်းလို့ စာကြည့်တိုက်လေးဆီကို လမ်းလျှောက်ထွက်လာတိုင်း ကလေးတွေကို မြင်ရရင် အရမ်းပီတိဖြစ်ရတယ်။ သူတို့မျက်နှာလေးတွေပေါ်က အပြုံးလေးတွေကို တွေ့ရင်ပဲ ကျွန်တော့်တစ်နေ့တာလုံးအတွက် ဖူလုံသွားပြီ..” လို့ပြောပြပါတယ်။ လိုရန်ဇိုဟာ ဒီစာကြည့်တိုက်လေးဖွင့်ဖို့အတွက် တစ်မနက်မှာ မိသားစုနဲ့အတူ ညစာစားရင်း စိတ်ကူးပေါ်ခဲ့တာပါ။ “… တစ်နေ့ ကျွန်တော်တို့ မိသားစုစုံပြီး ညစာစားတော့ အိမ်မှာ စာအုပ်တွေ တော်တော်များများရှိနေတာကို သိလိုက်ရတယ်။ ဒီစာအုပ်တွေကို ဘယ်လိုရှင်းထုတ်မလဲဆိုတာ စဉ်းစားကြရင်းကနေ ကျွန်တော်က စာကြည့်တိုက်လေးခပ်သေးသေးလုပ်ရင် အဆင်ပြေမယ်၊ ရပ်ကွက်အတွက်လည်း ကောင်းတယ် ဆိုပြီး လုပ်ဖြစ်သွားတာ။ ကျွန်တော့်အစီအစဉ်ကို အမေ့ပြောတော့ အမေက ကူညီပေးတယ်။ အဖေလည်း အရမ်းကူညီပါတယ်။ စာကြည့်တိုက်လေးဖွင့်ဖို့ လိုအပ်တာလေးတွေ အကုန်လုပ်ပေးတယ်…” လို့ လိုရန်ဇိုက ရှင်းပြပါတယ်။

စာကြည့်တိုက်လေးနာမည်ကတော့ “The Lib of Positivity” ဖြစ်ပါတယ်။ စာကြည့်တိုက်မှာတော့ စာအုပ်တွေကို ကြိုက်သလောက် အချိန်ပေးဖတ်နိုင်သည်၊ ဖတ်ပြီးရင်တော့ ကိုယ်ယူသွားတဲ့နေရာမှာ ပြန်ထားပေးရပါမည် စတဲ့ စည်းကမ်းတွေအပြင် စာအုပ်အလှူရှင်တွေကိုလည်း လှူလိုပါက ဆက်သွယ်နိုင်ကြောင်း ရေးသားထားပါတယ်။ ဒီသတင်းကိုတော့ ဖိလစ်ပိုင်အခြေစိုက်သတင်းဌာနတစ်ခုဖြစ်တဲ့ mindanaodailymirror ကနေ ကိုးကားဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ အသက်ငယ်ပေမယ့်လည်း စိတ်ထားမွန်မြတ်လှတဲ့ လိုရန်ဇိုလေးကတော့ ချီးကျူးလေးစားထိုက်တဲ့ ဆယ်ကျော်သက်လေးတစ်ဦးပဲ ဖြစ်ပါတော့တယ်။

Credit  \\  original