မိုးရာသီမွာ ျဖစ္တတ္တဲ့ အေရျပားျပႆနာမ်ား
Zawgyiျဖင့္ဖတ္ရန္
ေႏြရာသီ၊ ေဆာင္းရာသီေတြမွာ အေရျပားေျခာက္ေသြ႕ျခင္း၊ အသားပပ္ျခင္းစတဲ့ အေရျပားျပႆနာေတြ ႀကံဳေတြ႕ရသလိုပဲ မိုးရာသီမွာလည္း အေရျပားျပႆနာေတြ ႀကံဳေတြ႕ရႏိုင္ပါတယ္။ စိုစိုစိစိ ျဖစ္ေနတဲ့ ေရေတြ၊ ဗြက္ေတြၾကား သြားလာရင္း ထိေတြ႕ရတာနဲ႔ မိုးေရေတြ ထိၿပီး ဦးေရျပား ယားယံတာေတြလည္း ရွိႏိုင္ပါတယ္။ မိုးရာသီ စိုစိုစြတ္စြတ္မွာ ဘက္တီးရီးယားေတြလည္း ပိုမိုေပါက္ဖြားလြယ္ပါတယ္။ ဒီဘက္တီးရီးယားေတြေၾကာင့္ ေျခေထာက္နဲ႔ ေျခသည္းၾကားမွာ မႈိစြဲတာေတြ ျဖစ္တတ္ပါတယ္။ ထိခိုက္လြယ္တဲ့ အသားအေရပိုင္ရွင္ေတြမွာ အလာ့ဂ်စ္ျဖစ္ျခင္းေတြက မိုးရာသီမွာ ပိုျဖစ္ပါတယ္။ ဒါက ပတ္ဝန္းက်င္ရဲ႕ သန႔္ရွင္းမႈနဲ႔လည္း သက္ဆိုင္ပါတယ္။
ဝက္ၿခံ
မိုးရာသီမွာ ဝက္ၿခံေတြ ပိုၿပီးအျဖစ္လြယ္ပါတယ္။ စိုစြတ္ေနတဲ့ မိုးရာသီမွာ ပတ္ဝန္းက်င္ သန႔္ရွင္းမႈက အရမ္းကို အေရးႀကီးပါတယ္။ မသန႔္ရွင္းတဲ့ ပတ္ဝန္းက်င္ကို လက္နဲ႔ ထိမိၿပီး မ်က္ႏွာကို ကိုင္တြယ္မိတဲ့အခါမွာ ဝက္ၿခံေတြ အရမ္းကို ျဖစ္လြယ္ပါတယ္။ မ်က္ႏွာအသားအေရဟာလည္း မိုးရာသီမွာ ေျခာက္ေသြ႕ေနမွာ မဟုတ္တာေၾကာင့္ ဘက္တီးရီးယားေတြ ေပ်ာ္ေပ်ာ္ႀကီး ေနရာယူေနမွာပါ။ ဒါေၾကာင့္ မ်က္ႏွာကို သန႔္ရွင္းေအာင္ ထားပါ။
ဦးေရျပား ယားယံျခင္း
မိုးရာသီကို အမ်ိဳးသမီးေတြ စိတ္ကုန္တဲ့ အခ်က္တစ္ခ်က္ကေတာ့ ဦးေရျပား ယားယံျခင္း ျဖစ္ႏိုင္ပါတယ္။ မိုးေရ ေခါင္းထဲကို ထိၿပီဆိုတာနဲ႔ ဦးေရျပားယားယံျခင္းေတြ ျဖစ္လာပါၿပီ။ ေနာက္တစ္ခုကေတာ့ ဆံပင္ေတြမွာ လႈိင္းအတြန႔္ေတြ ေပၚလာတာပါ။ ဒါက ေလထဲမွာ အစိုဓါတ္ေတြ ပိုလွ်ံေနျခင္းေၾကာင့္ ျဖစ္ၿပီး မိုး႐ြာတဲ့အခါမွာ ပါလာတာပါ။ ဒီလိုမ်ိဳး မိုးရာသီမွာ ဦးေရျပား ယားယံျခင္းကို ကာကြယ္ဖို႔ဆိုရင္ေတာ့ ပန္းသီးရွာလကာရည္ကို ေရေလးနဲ႔ ေရာကာ ဦးေရျပားမွာ လိမ္းပါ။ ေနာက္ေတာ့ ေခါင္းေလွ်ာ္ရည္နဲ႔ ေခါင္းေလွ်ာ္ပါ။ သတိျပဳရမွာကေတာ့ ဓာတုပစၥည္းအမ်ားႀကီး ပါတဲ့ ေခါင္းေလွ်ာ္ရည္ မျဖစ္ေစဖို႔ပါ။
နီရဲေယာင္ရမ္းျခင္း
မိုးရာသီမွာ ဘက္တီးရီးယားေတြနဲ႔ မႈိကပ္စြဲမႈေတြ ပိုျဖစ္တာေၾကာင့္ မ်က္ႏွာမွာ နီရဲေယာင္ရမ္းျခင္းေတြ ျဖစ္လာႏိုင္ပါတယ္။ ဒီျပႆနာေတြကို ေျဖရွင္းဖို႔အတြက္ေတာ့ တကိုယ္ရည္သန႔္ရွင္းေရးကို အထူးဂ႐ုစိုက္ဖို႔ လိုပါတယ္။ မ်က္ႏွာမွာ အဆီထြက္ျခင္းေတြ ေလွ်ာက်ေစဖို႔အတြက္လည္း ဂ႐ုစိုက္ပါ။ ဒါဆိုရင္ေတာ့ မ်က္ႏွာမွာ နီရဲေယာင္ရမ္းျခင္းေတြ သက္သာမွာပါ။
ေျခသည္းမႈိစြဲျခင္း
ေျခသည္းနဲ႔ ေျခေထာက္မွာ မႈိစြဲတဲ့အခါမွာ သဲဝဲစားျခင္း၊ ဝဲေပါက္ျခင္း၊ ေျခသည္းၾကား သဲေတြဝင္ၿပီး ေျခစြယ္ငုတ္ျခင္းေတြ ျဖစ္ႏိုင္ပါတယ္။ ေျခေထာက္မွာ အနာျဖစ္ႏိုင္တဲ့အျပင္ ျပည္တည္တာလည္း ျဖစ္ႏိုင္ပါတယ္။ ဒါဟာ မိုးေရထဲမွာ ေလွ်ာက္သြားတာေၾကာင့္ ဘက္တီးရီးယားေတြ ကပ္ညႇိလာၿပီး ျဖစ္တာပါ။ ဒါေတြကို ႀကိဳတင္ကာကြယ္ဖို႔အတြက္ဆိုရင္ေတာ့ မိုးေရနဲ႔ ထိၿပီးတိုင္း ေျခေထာက္ကို ေျပာင္စင္ေအာင္ ေဆးေၾကာရပါမယ္။ ေျခသည္းၾကားေလးေတြကိုလည္း ဂ႐ုတစိုက္ ေဆးေၾကာရပါမယ္။
မိုးရာသီမွာ အျဖစ္မ်ားတဲ့ အေရျပားျပႆနာေတြကို သိထားၿပီးၿပီဆိုေတာ့ ႀကိဳတင္ကာကြယ္ျခင္းေတြ ျပဳလုပ္လို႔ရပါတယ္။ အဓိကကေတာ့ မိုးရာသီမွာ အေရျပားသန႔္ရွင္းေအာင္ ဂ႐ုစိုက္ဖို႔ပါပဲ။
ဤေဆာင္းပါးကို Mizzima ၏ မိတ္ဘက္ က်န္းမာေရးႏွင့္ ေဆးပညာဝက္ဘ္ဆိုဒ္ hellosayarwon.com မွ ကူးယူေဖာ္ျပပါသည္။
Unicode ဖြင့်ဖတ်ရန်
နွေရာသီ၊ ဆောင်းရာသီတွေမှာ အရေပြားခြောက်သွေ့ခြင်း၊ အသားပပ်ခြင်းစတဲ့ အရေပြားပြဿနာတွေ ကြုံတွေ့ရသလိုပဲ မိုးရာသီမှာလည်း အရေပြားပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်။ စိုစိုစိစိ ဖြစ်နေတဲ့ ရေတွေ၊ ဗွက်တွေကြား သွားလာရင်း ထိတွေ့ရတာနဲ့ မိုးရေတွေ ထိပြီး ဦးရေပြား ယားယံတာတွေလည်း ရှိနိုင်ပါတယ်။ မိုးရာသီ စိုစိုစွတ်စွတ်မှာ ဘက်တီးရီးယားတွေလည်း ပိုမိုပေါက်ဖွားလွယ်ပါတယ်။ ဒီဘက်တီးရီးယားတွေကြောင့် ခြေထောက်နဲ့ ခြေသည်းကြားမှာ မှိုစွဲတာတွေ ဖြစ်တတ်ပါတယ်။ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေမှာ အလာ့ဂျစ်ဖြစ်ခြင်းတွေက မိုးရာသီမှာ ပိုဖြစ်ပါတယ်။ ဒါက ပတ်ဝန်းကျင်ရဲ့ သန့်ရှင်းမှုနဲ့လည်း သက်ဆိုင်ပါတယ်။
ဝက်ခြံ
မိုးရာသီမှာ ဝက်ခြံတွေ ပိုပြီးအဖြစ်လွယ်ပါတယ်။ စိုစွတ်နေတဲ့ မိုးရာသီမှာ ပတ်ဝန်းကျင် သန့်ရှင်းမှုက အရမ်းကို အရေးကြီးပါတယ်။ မသန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကို လက်နဲ့ ထိမိပြီး မျက်နှာကို ကိုင်တွယ်မိတဲ့အခါမှာ ဝက်ခြံတွေ အရမ်းကို ဖြစ်လွယ်ပါတယ်။ မျက်နှာအသားအရေဟာလည်း မိုးရာသီမှာ ခြောက်သွေ့နေမှာ မဟုတ်တာကြောင့် ဘက်တီးရီးယားတွေ ပျော်ပျော်ကြီး နေရာယူနေမှာပါ။ ဒါကြောင့် မျက်နှာကို သန့်ရှင်းအောင် ထားပါ။
ဦးရေပြား ယားယံခြင်း
မိုးရာသီကို အမျိုးသမီးတွေ စိတ်ကုန်တဲ့ အချက်တစ်ချက်ကတော့ ဦးရေပြား ယားယံခြင်း ဖြစ်နိုင်ပါတယ်။ မိုးရေ ခေါင်းထဲကို ထိပြီဆိုတာနဲ့ ဦးရေပြားယားယံခြင်းတွေ ဖြစ်လာပါပြီ။ နောက်တစ်ခုကတော့ ဆံပင်တွေမှာ လှိုင်းအတွန့်တွေ ပေါ်လာတာပါ။ ဒါက လေထဲမှာ အစိုဓါတ်တွေ ပိုလျှံနေခြင်းကြောင့် ဖြစ်ပြီး မိုးရွာတဲ့အခါမှာ ပါလာတာပါ။ ဒီလိုမျိုး မိုးရာသီမှာ ဦးရေပြား ယားယံခြင်းကို ကာကွယ်ဖို့ဆိုရင်တော့ ပန်းသီးရှာလကာရည်ကို ရေလေးနဲ့ ရောကာ ဦးရေပြားမှာ လိမ်းပါ။ နောက်တော့ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပါ။ သတိပြုရမှာကတော့ ဓာတုပစ္စည်းအများကြီး ပါတဲ့ ခေါင်းလျှော်ရည် မဖြစ်စေဖို့ပါ။
နီရဲယောင်ရမ်းခြင်း
မိုးရာသီမှာ ဘက်တီးရီးယားတွေနဲ့ မှိုကပ်စွဲမှုတွေ ပိုဖြစ်တာကြောင့် မျက်နှာမှာ နီရဲယောင်ရမ်းခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက်တော့ တကိုယ်ရည်သန့်ရှင်းရေးကို အထူးဂရုစိုက်ဖို့ လိုပါတယ်။ မျက်နှာမှာ အဆီထွက်ခြင်းတွေ လျှောကျစေဖို့အတွက်လည်း ဂရုစိုက်ပါ။ ဒါဆိုရင်တော့ မျက်နှာမှာ နီရဲယောင်ရမ်းခြင်းတွေ သက်သာမှာပါ။
ခြေသည်းမှိုစွဲခြင်း
ခြေသည်းနဲ့ ခြေထောက်မှာ မှိုစွဲတဲ့အခါမှာ သဲဝဲစားခြင်း၊ ဝဲပေါက်ခြင်း၊ ခြေသည်းကြား သဲတွေဝင်ပြီး ခြေစွယ်ငုတ်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ ခြေထောက်မှာ အနာဖြစ်နိုင်တဲ့အပြင် ပြည်တည်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါဟာ မိုးရေထဲမှာ လျှောက်သွားတာကြောင့် ဘက်တီးရီးယားတွေ ကပ်ညှိလာပြီး ဖြစ်တာပါ။ ဒါတွေကို ကြိုတင်ကာကွယ်ဖို့အတွက်ဆိုရင်တော့ မိုးရေနဲ့ ထိပြီးတိုင်း ခြေထောက်ကို ပြောင်စင်အောင် ဆေးကြောရပါမယ်။ ခြေသည်းကြားလေးတွေကိုလည်း ဂရုတစိုက် ဆေးကြောရပါမယ်။
မိုးရာသီမှာ အဖြစ်များတဲ့ အရေပြားပြဿနာတွေကို သိထားပြီးပြီဆိုတော့ ကြိုတင်ကာကွယ်ခြင်းတွေ ပြုလုပ်လို့ရပါတယ်။ အဓိကကတော့ မိုးရာသီမှာ အရေပြားသန့်ရှင်းအောင် ဂရုစိုက်ဖို့ပါပဲ။
ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Credit: Mizzima
ေရးသားသူ Phyo Pyae Pyae
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win.


