ဗစ်တိုးရီးယားလေး အမှု၊ အမှုမှန်ဖော်ထုတ်ရေး Wisdom Hill ကူညီမည်။
လိင်အကြမ်းဖက် ခံရတဲ့ ဗစ်တိုးရီးယား အတွက် အမှန်တရား ရရှိဖို့ အမှန်တကယ် ကျူးလွန်သူ မည်သူကိုမဆို ပူးပေါင်း ဖော်ထုတ်သွားမယ်လို့ Wisdom Hill ကျောင်း အုပ်ချုပ်ရေး အဖွဲ့က ဇူလိုင် ၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေငြာပါတယ်။ ကြေငြာချက်ထဲမှာ ဗစ်တိုးရီးယား ကလေးရဲ့ မိဘတွေကို ထပ်ပြီး မဆက်သွယ် ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း အနူးအညွှတ် တောင်းပန်ကြောင်း ဖော်ပြထားပါတယ်
မှုခင်း စဖြစ်စဉ်တုန်းကတော့ Wisdom Hill ကျောင်းအုပ်ချုပ်ရေး အဖွဲ့ဟာ သူတို့ ကျောင်းတွင်းမှာ အခုလို အမှုမျိုး ဖြစ်ပွားခဲ့တာ လုံးဝ မရှိကြောင်း အာမခံ ပြောဆိုခဲ့ပြီး မမှန်မကန် ပြောဆိုရေးသားတဲ့သူတွေကို တရားစွဲ အရေးယူမယ်လို့လည်း ရှေ့နေ ငှားရမ်းပြီး ကြေငြာခဲ့ပါတယ်။ အခုနောက်ဆုံး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုရဲချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း ပြောဆိုချက်မှာတော့ ကျောင်းအုပ်ချုပ်ရေးမှူးရဲ့ ကားဒရိုင်ဘာက မေလ ၁၆ ရက်နေ့ ညနေပိုင်း ကျောင်းအဆောက်အဦ အတွင်းမှာပဲ ကျူးလွန်တယ်လို့ သံသယရှိကြောင်း ပြောဆိုထားပါတယ်။ Wisdom Hill ကျောင်း အုပ်ချုပ်ရေး အဖွဲ့ရဲ့ ကြေငြာချက် အပြည့်အစုံကတော့ အောက်ဖော်ပြပါ အတိုင်း ဖြစ်ပါတယ်။
တောင်းပန်လွှာ
ရက်စွဲ။ ။ ၇- ၇- ၂၀၁၉
၁။ လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျာ သမီးလေး Victoria သည် ကျွန်တော်များ ကျောင်း၏အရိပ်တွင် ပညာသင်ကြားနေသော ကျွန်တော်များ၏ သမီးလေးပင်ဖြစ်သောကြောင့် သမီးလေးနှင့် ပတ်သက်ပြီး စိတ်မကောင်း ဖွယ်ရာဖြစ်ရပ်များ ဖြစ်ပွားခဲ့ရသည့်အတွက် မိဘများနှင့်ထပ်တူ များစွာ စိတ်ထိခိုက်
ကြေကွဲရပါသည်။
၂။ ထို့ကြောင့် ဖြစ်စဉ်စတင်ဖြစ်ပွားသည်ဟု သိရသည့်အချိန်ကာလကတည်းက စတင်၍ ကျောင်းဘက်မှ အစစ်ဆေးခံရမည့် သူများအားလုံးသည် တစ်ကြိမ်တစ်ခါမှ ပျက်ကွက်ခြင်းမရှိ အစစ်ဆေးခံခဲ့ပါသည်။ တရားခံ အစစ်အမှန် ပေါ်ပေါက်စေရေးအတွက် သမီးလေးနှင့် မိသားစုများအား တွေ့ဆုံပြီး လိုအပ်သော ပူးပေါင်းကူညီမှုများ လုပ်ဆောင်ရန်လည်း ကြိုးပမ်းခဲ့ပါသည်။ ။
၃။ သို့သော် ကျောင်းအနေဖြင့် မိဘများအား မလျော်ကန်သည့်နည်းဖြင့် အမှုမှားယွင်းအောင် လုပ်ဆောင်နေ သည်ဟု သမီးလေးမိသားစုနှင့် ကျွန်တော်များအား အထင်အမြင်လွဲမှားစေသည့် ဝေဖန်မှုများ ပေါ်ထွက်လာမည်ကို စိုးရိမ်သောကြောင့်လည်းကောင်း၊ သက်ဆိုင်ရာ အဖွဲ့ အစည်းများ၏ အမှုမှန် (တရားခံ အစစ်ဖြစ်သူ) ဖော်ထုတ်ရေးလုပ်ငန်းစဉ်များတွင် လွဲချော်တိမ်းစောင်းမှုများ၊ တရားခံအစစ်မှ သတင်းအချက်အလက်များကို ကြားမှ ဖြတ်ယူ၍ အမြတ်ထုတ်သွားနိုင်မှုများ၊ မလိုလား အပ်သော လုပ်ငန်းကြန့်ကြာမှုများ မဖြစ်ပေါ်စေရေးဆိုသည့် သက်ဆိုင်ရာအဖွဲ့ အစည်းများ၏ ကန့်သတ်ချက်များ ရှိလာသည့်အတွက် ထပ်မံမဆက်သွယ်နိုင်ခဲ့သော်လည်း နေ့စဉ် စိတ်ထိခိုက် ကြေကွဲနေရပါသည်။
၎။ အမှုမှန်အမြန်ဆုံး ပေါ်ပေါက်စေရေးအတွက် လိုအပ်သော ကူညီမှုများပေးရန် အမြဲအဆင်သင့်ရှိနေ သော်လည်း ဝတ္တရားပျက်ကွက်ခဲ့ရသည့်အတွက် သမီးလေးကို အနူးအညွတ် တောင်းပန်အပ်ပါသည်။
၅။ ကျွန်တော်များ သမီးလေးအတွက် ဝန်းရံရပ်တည်ပေးရန် အခက်အခဲဖြစ်နေချိန်တွင် ကျွန်တော်များနှင့် ထပ်တူ သမီးလေးအတွက် စိတ်မကောင်းကြီးစွာ သမီးလေးအနားတွင် ရပ်တည်ဝန်းရံပေးကြသော မိဘပြည်သူများ ကိုလည်း အထူးလှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည်။
၆။ အမှုမှန်အမြန်ဆုံးပေါ်ပေါက်စေရန်ကိုသာ ရည်ရွယ်ခဲ့သည့် ကျွန်တော်များ၏ လုပ်ဆောင်မှုများကြောင့် မလိုလားအပ်သော အထင်အမြင်လွဲမှားမှုများ ပိုမိုဖြစ်ပေါ်လာသည်ကိုလည်း စိတ်မကောင်းကြီးစွာ တွေ့ရှိရပါသည်။ မိဘပြည်သူများနည်းတူ ကျွန်တော်များအနေဖြင့်လည်း အမှုမှန်ပေါ်ပေါက်စေရေး သမီးလေးအတွက် မျှတသောအမှန်တရားရရှိရေးကိုသာ အလွန်သည်းထန်စွာ လိုလားကြောင်းကို လေးစားစွာ ထပ်မံတင်ပြလိုပါသည်။
၇။ သို့ဖြစ်ပါ၍ သမီးလေးအတွက် အမှန်တရားရရှိရန် အမှန်တကယ်ကျူးလွန်သူ မည်သူကိုမဆို ကျွန်တော်များမှ ပူးပေါင်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း သမီးလေးအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း မိမိတို့ တတ်စွမ်းသ၍ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သမီးလေးအား စိတ်မကောင်းကြီးစွာဖြင့် တောင်းပန်ရင်း ရဲဝံ့စွာ ကတိပြုအပ်ပါသည်။
One News Myanmar လေးစားစွာဖြင့် ခရက်ဒစ်