ဖြစ်လေရာ ဘဝ မြန်မာပြည်မှာ အရက်သမား မဖြစ်ရပါစေနဲ့ လို့ ဆုတောင်းလိုက်တဲ့ စိုပြေ
ပြောပြန်ရင်လည်း အရက်ဋီကာချဲ့တယ်ဖြစ်ဦးမယ်။ ပြောမှာလည်း အရက်ကြောင်းကို။ အစိုးရက နိုင်ငံခြားအရက်တွေ တရားဝင်တင်သွင်းခွင့်ပေးမယ်တဲ့။ ဒါကို ပြည်တွင်းက အရက်ထုတ်သူတွေက မကျေနပ်။ အဓိကကတော့ အရက်တွေ အများကြီးထုတ်လုပ်တဲ့လူကြီးက မကျေနပ်တာပေါ့။
သူက အစကတော့ ကန့်ကွက်သေးတယ်။ နောက်တော့ အစိုးရကပါ လိုလိုလားလားဖြစ်လာတော့ မကန့်ကွက်တော့ဘူး။ ကန့်လန့်ပဲတိုက်တော့တယ်။ သွင်းတော့သွင်း။ ဈေးပေါတာတော့ မသွင်းနဲ့တဲ့။ အခွန်တွေ အများကြီးကောက်ခိုင်း။ အဲ့ဒါတော့ အစိုးရလူကြီးတွေကလည်း သိပ်ကြိုက်။ အခွန်တွေရ တာ ကိုး။
သူပြောတဲ့ အတိုင်းဆို လူသောက်များတဲ့ ရက်လေဘယ်တို့ ဘလက်လေဘယ်တို့ဟာ မြန်မာငွေ လေးသောင်းကျော်။ ငါးသောင်းဖြစ်ကုန်မယ်။ အခုမှောင်ခိုနဲ့ကမှ နှစ်သောင်းပတ်ချာလည်ဆို အရက်ကောင်းကောင်း အရက်စစ်စစ်ကို သောက်လို့ရသေး။
တရားဝင်သွင်းခွင့်ပေးလိုက်မှ လေးသောင်းကျော်၊ ငါးသောင်းဆို လူလတ်တန်းစားတွေ ဘယ်သောက နိုင်တော့ မလဲ။ သဘောကတော့ မြန်မာပြည်က အရက်သမားတွေ သူထုတ်တဲ့ အရက်ကိုပဲ သောက်ဆိုတဲ့ သဘောပေါ့ လေ။ သောက်ပါတယ်။ သောက်ကြပါတယ်။ ဟိုးအရင် စစ်အစိုးရခေတ်တလျှောက်လုံးနဲ့ အခုခေတ်အထိ အဲ့ဒီ ၀ီစကီလို့ နာမည်တပ်ထားတဲ့ အရက်ကို အရက်သမားတိုင်းလိုလိုသောက်ခဲ့ကြတာပဲ။
ဒီလိုသောက်တော့ ဘာဖြစ်လဲ။ သောက်တဲ့လူသေ။ ရောင်းတဲ့လူ သဌေးဖြစ်။ သူဌေးဖြစ်လို့တောင် အားကစားပွဲတွေ ဘာတွေ စပွန်ဆာပေးနေသေးတယ်။ သိန်းထောင်နဲ့ သောင်းနဲ့ ချီပြီတော့လေ။ မြန်မာပြည်မှာ အရက်သမားက အတန်း အစားနှစ်ခုပဲရှိတယ်။ အနီသမားနဲ့ အဖြူသမား။
အနီသမားက ၀ီစကီ၊ နဲ့ ရမ်ကိုသောက်ကြတယ်။ အဖြူသမားကတော့ ချက်အရက်ပေါ့လေ။ တကယ်တော့ နှစ်ခုစလုံး ချက်ပုံက ဘာမှ ထူးလှတယ်မဟုတ်ပါဘူး။ ဓာတုပစ္စည်းတွေ ရောက်စပ်ပြီး အရောင်တွေထဲ့။ အနံ့တွေ ထည့်လိုက်ရင် ၀ီစကီလိုချင်လား၊ ရမ်လိုချင်လား အကုန်ရတာမဟုတ်လား။
အရည်အသွေးrမှီတဲ့ အရက်အမည်ခံတွေကို သောက်တော့ ဘာဖြစ်လဲ။ မူးတာပေါ့။ မဟားဒယားမူးတဲ့ အခါမူး။ မမူးတဲ့ အခါမမူးနဲ့။ အရက်သမားတွေ အစကတော့ သွေးအားပဲမကောင်းလို့လား၊ အားပဲနဲလို့လား။ အရifက ငါဒီလောက် မမူး ပါဘူး
။ အရင်က ငါလစ်မစ် ဒီလောက်မဟုတ်ပါဘူး။ စသည်စသည်ဖြင့် …. အယ်ကိုဟောပမာဏမတည်ငြိမ်တဲ့ အရက် တွေ ကို ဝေခွဲမရစွာ သောက်သုံးခဲ့ကြတာပေါ့လေ။ အခုလို နိုင်ငံခြားအရက်တွေ ပြည်တွင်းကို ၀င်လာရင် ပြည်တွင်းက အရည်အသွေးမမှီတဲ့ အရက်တွေကို ပြည်သူတွေက ဘယ်သောက်နေတော့မလဲ။ ဒါကြောင့်လည်း ဈေးကွက်ကို ချုပ်ကိုင် ထားခြင်တဲ့ ယမကာလုပ်ငန်းရှင်တွေက ပြည်ပအရက်တွေ ၀င်လာမှာကို အသဲအသန်ကွက်ကန့်နေတာထင်ပ။
ပြောလိုက်ရင် တိုင်းရင်းသားစီးပွားလုပ်ငန်းရှင်တွေရဲ့ အကျိုးစီးပွားကို ထိခိုက်မယ်လေးဘာလေးနဲ့ ။ ကိုယ့်ဘာသာ ကိုယ်တော့ အရည်အသွေးကောင်းအောင်မထုတ်ဘဲ ပြည်သူတွေကို သတ်။ သူတို့ စီးပွားထိခိုက်မှာတော့ ကြောက်ပ။ အရက်သမား စစ်တမ်းတစ်ခု တိတိကျကျမရှိလို့ရယ်သာ။
ရှိရင်တော့ ဘာအရက်သောက်တဲ့လူက ဘယ်လိုသေတယ် ဆိုတာ အများကြီးထွက်လာမှာပဲ။ စစ်တမ်းကို အားမကိုးဘဲ အရပ်စကားကို အားကိုးပြီး ပြောရမယ်ဆိုရင်တော့ ဒီဘက် ခေတ်မှာ အသက်ရှည်တဲ့ အရက်သမား လုံးဝမရှိဘူးဆိုတာပါပဲ။
ခပ်ဝေးဝေးမကြည့်နဲ့ ရပ်ကွက်ထဲက ပြည်တွင်းဖြစ် သောက်တဲ့ အရက်သမားတွေကိုပဲကြည့်လိုက်။ ညနေတိုင်းသောက်တဲ့ လူပေါ့လေ။ အသက်လေးဆယ်ကျော်တဲ့လူ ခပ်ရှားရှားရယ်။ အရက်ဆိုင်ထဲကို ၀င်လိုက်ရင် အသောက်သင်နေတဲ့ ကလေး အရက်သမားရယ်။ အသက်သုံးဆယ် ပတ်ဝန်းကျင် အရက်သမားရယ်ကိုပဲတွေ့ရမယ်။ လေးဆယ်ကျော်၊ ငါးဆယ်ရှိတဲ့ အရက်သမားက ရှားနေပြီ။
ဘယ်ရောက်ကုန်လဲ မမေးနဲ့ သေကုန်တာလေ။ ဒီလောက်သေတဲ့ အရက် ဘာဖြစ်လို့ သောက်လဲ။ သေမယ်မှန်း ဘယ်သိမလဲဗျ။ ဘယ်သူကမှတော့ အဆိပ်ကိုသောက်မနေဘူး။ ဒါပေမဲ့လည်း ပြည်တွင်းဖြစ်အရက်တွေအကုန်လုံးက အဆိပ်တွေ ဖြစ်နေပြီ။ ကိုယ့်ရှေ့မှာ သောက်ခဲ့တဲ့ အရက်သမားတွေရှိတယ်။ ကိုယ့်အဘိုးအဘေးတွေခေတ်က ဖဆပလခေတ်အရက်သမားပေါ့။
နိုင်ငံခြားအရက်မျိုးစုံ လွတ်လွတ်လပ်လပ် သောက်လို့ ရ တယ်။ လမ်းလျှောက်နေတဲ့ဂျော်နီက ဈေးမပေါပေမဲ့ အလုပ်အကိုင်ရှိတဲ့လူတိုင်းသောက်နိုင်အောင် ၀င်ငွေကောင်းခဲ့ တာပဲ။
နောက်ပြီးတော့ ဆိုရှယ်လစ်ခေတ် အရက်သမားတွေပေါ့လေ။ အရက်ကို ခွဲတမ်းနဲ့ ရောင်းတယ်ဆိုပေမဲ့ အရည်အသွေးမှာ စိတ်ချရတယ်။ ဆိုရှယ်လစ်ခေတ်အရက်သမားတွေထဲမှာ အရက်ကြောင့် သေတဲ့လူခပ်ရှားရှားရယ်။ ကိုယ့်အဖိုး၊ ကိုယ့်ဘကြီး ပြန်ကြည့်လိုက်ရင်လည်း အရက်သောက်ပေမဲ့ သက်တမ်းစေ့နေသွားတဲ့လူတွေချဉ်းပဲ။ ကိုယ့်ဦးလေးတွေ ကတာ့ ၈၈ နောက်ပိုင်းမှာသောက်လာလိုက်တာ။ ပြည်တွင်းဖြစ် ၀ီစကီသမား ဦးလေးလည်း သောက်တဲ့ သက်တမ်း ၁၅ နှစ်နဲ့ သေတာပဲ။
ဂျန်းအဖြူသောက်တဲ့ ဦးလေးသည်း သေတာပဲ။ မြန်မာပြည်ဆိုတာက ဗုဒ္ဓဘာသာတိုင်းပြည်ဆိုတော့ လူသိရှင်ကြားအရက်သမားတွေ အများကြီးရယ်။ စာရေးဆရာတွေထဲမှာဆိုရင်လည်း အရက်သမားခပ်များများရယ်။ စစ်အစိုးရခေတ်တိုင်မီက အရက်သမားတွေဆိုရင် သက်တမ်းစေ့နေသွားရတဲ့လူတွေချဉ်းပဲ။ စစ်အစိုးရခေတ်နဲ့ ဒီမိုကရေစီခေတ် အရက်သမားတွေကြတော့ သက်တမ်းစေ့ဖို့နေနေသာ ငါးဆယ်ကျော်တဲ့လူကို မရှိတော့ဘူး။
အရက်တွေတင် အရည်အသွေး မမှီတာလားဆိုတော့ မဟုတ်။ လူနာတွေ သုံးတဲ့ အရက်ပျံပါ အရည်အသွေးမမှီတော့တာ။ အရင်ခေတ်က အရက်ပျံတွေဆိုရင် အနာကို စွပ်လိုက်တာနဲ့ ထွန့်ထွန့်လူးအောင်စပ်တာ။ ဒီဘက်ခေတ် အရက်ပျံတွေ ကတော့ အနာကိုလည်း မစပ်တော့ဘူး။ ပြီးတော့ အရင်ခေတ်က အရက်ပျံဆိုရင် မီးရှို့ကြည့်လိုက်။ ဟုတ်..ကနဲ့ ထတောက်တာ။ အရက်ပျံလုံးဝကုန်မှ မီးငြိမ်းတယ်။ မနေ့က အရက်ပျံလေး မီးရှို့ကြည့်တာ မီးတောင်မလောင်တော့ဘူး။ အနာကိုလောင်းတော့လည်း မစပ်နဲ့။ ခေတ်ကြီးကိုက အဲ့လိုဖြစ်နေတာ။
အရက်သမားဆိုတာကလည်း အလုပ် လုပ်နိုင်ကိုင်နိုင်တဲ့ အရွယ်တွေချဉ်းပဲလေ။ ဆိုရှယ်လစ်ခေတ်စကားနဲ့ ပြောရရင် အဲ့လိုလူတွေ သေကုန်တော့ တိုင်းပြည်ကုန်ထုတ်လုပ်ရေးကိုလည်း ထိခိုက်တာပေါ့လေ။ ဒီဘက်ခေတ်အစိုးရတွေကလည်း အဲ့လူတွေ သေကုန်လည်း အေးတာပဲ တွေးသလားတော့ မသိ။ ဟိုးအရင်က အင်္ဂလိပ်အစိုးရက တရုတ်ပြည်ကလူတွေကို ဘိန်းစွဲအောင်လုပ်ပြီးတော့မှ ၀င်သိမ်းတာ။ ဒီဘက်ခေတ်မှာလည်း အစိုးရတွေက ပြည်သူတွေ သူတို့ကို မတော်လှန် နိုင်အောင် အရည်အသွေးမမှီတဲ့ အရက်တွေများ တိုက်သလားမသိ။
အမှန်တကယ်ဆိုရင် အရက်စက်ရုံတွေကို သေချာလိုက်စစ်၊ အရည်အသွေးမှီလား။ မမှီရင် ဖမ်းပေါ့။ ၁၉၈၀ တစ်ဝိုက် အရက်ဖြူတစ်ပုလင်းကို ၁၀ ကျပ်ပေးရတယ်။ အဲ့တုန်းက ကောက်ကြီးဆန်တစ်ပြည်ကို တစ်ကျပ်ပဲရှိတယ်။ အရက်ဖြူက ဆန်ဈေးထက် ဆယ်ဆများတယ်။ ဒီဘက်ခေတ်မှာတော့ အရက်ဖြူတစ်လုံးကို ၆၀၀ ဆန်တပြည်ကို ၂၀၀၀။
ဆန်ဈေးက အရက်ဖြူဈေးထက် ငါးဆကြီးနေပြီ။ နာမည်ခံဝီစကီကိုလည်း ကြည့်ဦးမလား ဆန်ဈေးနဲ့ ၀ီစကီဈေးက အတူတူပဲ။ ဒီလောက်ဈေးပေါနေတဲ့ အရက်တွေ ဘယ်လုပ်ပြီး စစ်တော့ပါ့မလဲ။ တိုင်းပြည်ကလည်း ဆေးဝါးဆိုလည်း အတုနဲ့ အရည်အသွေးမမှီတာ ပဲသောက်နေရ။ အစားအစာဆိုလည်း ဓာတုပစ္စည်းတွေ ပါတဲ့ အစားအစာတွေချဉ်းပဲ။ အရက်ဆိုလည်း အရည်အသွေးမမှီ။
ဟိုတနေ့ကဖတ်လိုက်ရတယ်။ မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ ကင်ဆာဖြစ်ပွားမှု ဒုတိယအများဆုံးနိုင်ငံဆိုလားပဲ။ အရင် တုန်းက လူတွေကပြောကြတယ်။ အရက်ချက်တဲ့အထဲကို ရာဘာဖိနပ်အစုတ်တွေ ထဲ့ချက်တာ။ ဖားပြုတ်တွေ ထဲ့တာတဲ့။ ကိုယ်ကတော့ မယုံခဲ့ပါဘူး။ အခုနောက်ပိုင်းတော့ ယုံရမလိုဖြစ်နေပြီလေ။
အရက်ချက်တယ်ဆိုတာ အရင်ဆုံးကိုယ်ချက် မယ့် အရက်အမျိုးအစားပေါ်မူတည်ပြီး အချဉ်ဖောက်ရတယ်။ စိမ်ရည်တည်ရတယ်ပေါ့လေ။ ပြီးတော့မှ အချဉ်ပေါက်သွား တဲ့ စိမ်ရည်တွေကို ပေါင်းအိုးကြီးတွေနဲ့ ပေါင်းခံရည်ရအောင်လုပ်ရတာ။ ပေါင်းခံရည်ကိုမှ အရက်ရာခိုင်နှုန်းအလိုက် ပြန်စပ်ရတာ။
ဒီဘက်ခေတ်က အရက်တွေကတော့ အဲ့လိုလည်း ဟုတ်မယ်မထင်ပါဘူး။ ဓာတုပစ္စည်းတွေ ရော..စပ်ပြီး ဈေးကွက်ထဲ ရောင်းနေတာပဲဖြစ်မှာပါ။ အရက်ချက်စက်ရုံထဲ ထန်းလျှက်တွေလည်း မ၀င်၊ စပါးတွေလည်း မ၀င်နဲ့။ ဘယ်လိုများ စိမ်ရည်တွေဖောက်ပြီး ဘယ်လိုများ ချက်နေလဲတော့ မသိပါဘူး။
အခုတော့…. ဖြစ်လေရာ ဘ၀ မြန်မာပြည်မှာ အရက်သမား မဖြစ်ရပါစေနဲ့လို့သာ ဆုတောင်းရမလား မသိ။ အရက်ကောင်းသောက်ဖို့ကြတော့လည်း သူ့စီးပွားရေး ထိမှာဆိုးလို့ ကန့်ကွက်တဲ့လူနဲ့။
ဘယ်တတ်နိုင်ပါ့မလဲ။ ကိုယ်က ဒီနိုင်ငံမှာ မွေးတော့လည်း ဒီနိုင်ငံမှာပဲ အရက်သမား ဖြစ်မှာပေါ့လေ။ ဒီတော့လည်း အရည်အသွေးမမှီတာတွေသောက်ပြီး သေရမှာပေါ့။ မသေချင်ရင်တော့ မသောက်ရုံပဲ ရှိတော့တာပ။ မီတာခတွေ ဈေးတက်တာ ကိစ္စမရှိ။
ဘီယာခတွေ ဈေးတက်လျှင်တော့ ကိစ္စရှိပြီ။ အခုတော့ ဘီယာတင်မက အရက်ဈေးတွေပါ တက်တော့မယ်တဲ့။ မီတာခ တက်တာကို သည်းခံနိုင်တယ်။ ကိုယ်တယောက်ထဲ ပေးရတာမဟုတ်။ တနိုင်ငံလုံးက လျှပ်စစ်မီးသုံးသူတွေ ပေးရတာမဟုတ်လား။ အခု အရက်ဈေးတက်တာကတော့ အရက်သမားတွေနဲ့ တိုက်ရိုက် သက်ဆိုင်လာပြီမို့ ဆန္ဒပြသင့်ပြရမှာပဲ။
Credit \\ original