(၂၀၂၀) ကစပြီး ပလတ်စတစ်အိတ်အသုံးပြုခအတွက် ကျသင့်ငွေကောက်ခံတော့မယ် ဂျပန်
ပလတ်စတစ်အိတ်တွေအတွက် တစ်အိတ်ကို ဘယ်လောက်ကောက်ခံရမယ်ဆိုတဲ့ နှုန်းထားတော့ မရှိပါဘူး။ ဒါပေမယ့် လက်လီသမားတွေအနေနဲ့ ၀ယ်ယူသူအသုံးပြုတဲ့ ပလတ်စတစ်အိတ် အရေအတွက်ကို ကြည့်ကာ မိမိဘာသာ ကျသင့်ငွေ တွက်ချက်ပေးရမှာ ဖြစ်ပါတယ်။ ခုလို လှုပ်ရှားမှုဟာ ဂျပန်အစိုးရအနေနဲ့ ပြည်သူတွေရဲ့လူနေမှုဘ၀ကို ပြောင်းလဲစေလိုတာဖြစ်ပြီး ဈေးဝယ်တဲ့အခါ အိမ်ကနေအိတ်ယူလာတတ်တဲ့ အလေ့အကျင့်ကို တိုက်တွန်းလိုက်တာပဲ ဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုဟာ စီးပွားရေးကုမ္ပဏီအုပ်စုကြီး (၂၀) ရဲ့ ဇွန်လတွင်း အစည်းအဝေးမှာ ပင်လယ်သမုဒ္ဒရာတွင်း ပလတ်စတစ်အညစ်အကြေးတွေ လျှော့ချဖို့ သဘောတူညီမှုအပြီး ထွက်ပေါ်လာခဲ့တာပါ။ ကမ်ပိန်းသမားတွေက ဂျပန်ဟာ ပလတ်စတစ်အသုံးပြုမှုကို လျော့ချမယ့်အရေးမှာ တော်တော်လေး နှေးကွေးနေတယ်လို့ ဝေဖန်ခဲ့တာပါ။ ကမ္ဘာ့ကုလသမဂ္ဂကလည်း အမေရိကန်နိုင်ငံကလွဲလို့ တခြားနိုင်ငံတွေထက်စာရင် ဂျပန်ဟာ ပလတ်စတစ်စွန့်ထုတ်ပစ္စည်းတွေ ပိုမိုထုတ်လုပ်နေတယ်လို့ ထောက်ပြခဲ့တာ ဖြစ်ပါတယ်။
ဂျပန်ကတော့ သူ့မှာ စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်ထိန်းသိမ်းစီမံတဲ့ စနစ်ရှိကြောင်း ဆိုပါတယ်။ ဂျပန်အစိုးရက (၈၆) ရာခိုင်နှုန်းသော ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကို recyle လုပ်နေကြောင်း ပြောပြပါတယ်။ ဒါပေမယ့် အစိုးရရဲ့ recycle လုပ်တယ်ဆိုတဲ့နေရာမှာ ပလတ်စတစ်တွေကို မီးရှို့ခြင်းသာဖြစ်လို့ ဒါဟာ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ဓာတ်ငွေ့တွေကို ထုတ်လွှတ်ပေးပြီး သဘာဝပတ်ဝန်းကျင်ကို အပြောင်းအလဲဖြစ်စေတယ်လို့ အချို့ကလည်း ဆိုနေကြပါတယ်။
ဂျပန်နိုင်ငံဟာ ပလတ်စတစ်အညစ်အကြေးပေါင်း (၁၀) ရာခိုင်နှုန်းကိုလည်း recyle လုပ်ဖို့ဆိုကာ နိုင်ငံရပ်ခြားကို တင်ပို့လေ့ရှိပါတယ်။ ဒါပေမယ့် သဘာဝပတ်ဝန်းကျင် သုတေသနပညာရှင်တွေကတော့ recycle လုပ်တယ်ဆိုပြီး ပလတ်စတစ်တွေကို ပင်လယ်ထဲ လွှင့်ပစ်ခြင်းဟာ အန္တရာယ်များတဲ့ အလုပ်ဖြစ်ကြောင်းနဲ့ စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျမီးမရှို့ခဲ့ရင်လည်း လေထုထဲ အန္တရာယ်ရှိတဲ့ အမှုန်အမွှားတွေကို ထုတ်လွှတ်ပေးကြောင်း သတိပေးခဲ့ပါသေးတယ်။