ဓာတ်အားပျောက်ဆုံးမှု လျှော့ချရန် စက်မှုဇုန်များတွင် မီတာဖတ်စနစ် ပြောင်းလဲပါမည်
ဓာတ်အားပျောက်ဆုံး မှု လျှော့ချရန် စက်မှုဇုန်များတွင် မီတာယူနစ်ဖတ်သည့် စနစ်ကို ပြောင်းလဲမည်ဖြစ်ကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) တာဝန်ရှိသူက ပြောသည်။
ပြာင်းလဲမည့် မီတာဖတ်သည့် စနစ် AMI (Advanced Metering Infrastructure)သည် ဓာတ်အားပျောက်ဆုံးမှုကို အဓိကလျှော့ချမည့် စနစ်ဖြစ်ပြီး ရန်ကုန်ရှိ မြို့နယ်နှစ်ခုတွင်လည်း အကောင်အထည် ဖော်နေပြီဖြစ်သည်။
‘‘AMI စနစ်ကိုသွားဖို့ Pilotပရောဂျက်အနေနဲ့ ရွှေလင်ဗန်းစက်မှုဇုန်ကို ဒီလကုန်စမယ်ပြောတယ်။ စက်မှုဇုန်ကော်မတီနဲ့လည်း ညှိနှိုင်းဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ကျန်တဲ့ စက်မှုဇုန်တွေပါ ခေါ်ပြမယ်။ ပြီးရင်အကုန်လုံးကို ဒါနဲ့ဆက်သွားမှာဖြစ်ပါတယ်’’ဟု YESC ဥက္ကဋ္ဌ ဦးမောင်မောင်လတ်ကပြောသည်။
ဒေါပုံမြို့နယ်တွင် ယခင်က ဓာတ်အားပျောက်ဆုံးမှု ၁၁ ရာခိုင်နှုန်းရှိပြီး AMI စနစ် ဆောင်ရွက်ခြင်းကြောင့် ၆ ရာခိုင်နှုန်းသို့ လျော့ကျသွားကြောင်း၊ အလား တူ ပန်းဘဲတန်း မြို့နယ်တွင်လည်း AMI စနစ် အသုံးပြုပြီးနောက် ဓာတ်အားပျောက်ဆုံးမှု ၅ ရာခိုင်နှုန်းကျော် လျှော့ချနိုင်ကြောင်း YESC အချက်အလက်များတွင် ဖော်ပြသည်။
AMI စနစ်တပ်ဆင်ပြီးပါက မီးသုံးသူများ မမှန်မကန် ဓာတ်အားသုံးစွဲမှုကို သတင်းပို့သည့် စနစ်ပါရှိသဖြင့် တရားမ၀င်လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို ထိရောက်စွာ ကာကွယ်နိုင်မည်ဟု YESC က ဆိုသည်။
ဓာတ်အားပျောက်ဆုံးသည့် အခြေအနေသည် နည်းပညာချွတ်ယွင်းမှုကြောင့်နှင့် နည်းပညာကြောင့် မဟုတ်သည် ပျောက်ဆုံးခြင်းဟူ၍ နှစ်ပိုင်းရှိသည်။
နည်းပညာကြောင့် မဟုတ်သည့် ဓာတ်အားပျောက်ဆုံးခြင်းတွင် စက်မှုလုပ်ငန်းများ၊ မသမာသူများက လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲခြင်းကို တွေ့ရှိရပြီး အရေးယူကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာထွန်းနိုင်က ယခုနှစ် ဇန်န၀ါရီ ၂၂ ရက်က ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားခဲ့ သည်။
ရန်ကုန်တိုင်းတွင် ဓာတ်အားပျောက်ဆုံးမှုသည် သုံးစွဲမှုယူနစ်စုစုပေါင်း၏ ၁၄ ရာခိုင်နှုန်းခန့် ရှိခဲ့သည်။
ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC)၏ ဇူလိုင် ၂၅ ရက်က သတင်းစာရှင်းလင်း ထုတ်ပြန်ချက်အရ ၂၀၁၈-၂၀၁၉ တစ်နှစ်တာ ဓာတ်အားသုံးစွဲမှု ယူနစ်သန်းပေါင်း ၉,၂၃၃ ရှိပြီး ပျောက်ဆုံးသည့် ဓာတ်အားယူနစ် ၁,၂၈၂ သန်းရှိ သည်။
Credit – 7daydaily


